နေပြည်တော် ၁၉  ဩဂုတ် 


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့်အဖွဲ့သည် မန္တလေး- လားရှိုး- မူဆယ် လမ်းပေါ်ရှိ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားသည့်  ဂုတ်တွင်း သံကူကွန်ကရစ်တံတား  ပြည်သူများ အမြန်သွားလာနိုင်ရန်အတွက် (Triple Single) သုံးလွှာ တစ်ထပ် နှစ်လမ်းသွား (၂၁၀)ပေအရှည် ယာယီဘေလီတံတားတည်ဆောက်သည့်နေရာသို့ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 


ပထမဦးစွာ ဘေလီတံတားတပ်ဆင်နေမှုနှင့်  သံကူကွန်ကရစ်တံတားဟောင်း၏ ပျက်စီးမှုကို လည်းကောင်း၊ ကျန်ရှိသောတံတား Pier တိုင်များ၏ကွန်ကရစ် ခံနိုင်ရည်အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ပျက်စီးသွားသော ကျောက်မဲဘက်ခြမ်း Pier တိုင်အားယာယီ ဘေလီတံတားဖြင့် ကားများဖြတ်သန်းချိန်တွင် ခံနိုင်ရည်ရှိရန်အတွက် Weak Concrete ဖြင့်ယာယီလောင်းပြီး ပြုပြင်သွားရန်မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးက လက်ရှိတံတား၏ အောက်ဘက်တွင် (၂)လမ်းသွား သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်မည့်နေရာအား ကြည့်ရှု စစ်ဆေးခဲ့ပြီး တံတား Alignment အားနေရာသတ်မှတ်ပေးသည်။
 

လက်ရှိဘေလီတံတားတည်ဆောက်မှုကို တံတားအထူးအဖွဲ့(၂) ၊တံတားအထူးအဖွဲ့(၄) ၊ တံတား အထူးအဖွဲ့(၆) တို့မှ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သား (၂၀ဝ) ကျော်ဖြင့် ဩဂုတ် ၁၆ ရက်မှစ၍ နေ့ရောညပါ အဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၉ ရက်ညနေတွင် တံတားအား အပြီးတပ်ဆင်၍ ဩဂုတ် ၂၀ ရက်တွင် Load Test စမ်းသပ်ပြီး (၃၆) တန်အောက်ကုန်ကားကြီးများနှင့် ကားလေးများ စတင်ဖြတ်သန်းခွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ညပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တံတားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေကြသော အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားသည်။ မန္တလေး - လားရှိုး မူဆယ်လမ်းမကြီးသည် မြန်မာနိုင်ငံ၏ အဓိကနယ်စပ် ကုန်သွယ်လမ်းမကြီးဖြစ်၍ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရန် ကုန်စည်စီးဆင်းမှု လျင်မြန်စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


(သတင်းစဉ်)