ကန့်ဘလူ၊ ၄ ဖေဖော်ဝါရီ

ကိုဗစ်ကာလ မြန်မာ့မီးရထားများ ယာယီရပ်နားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းလာခြင်းကြောင့် မီးရထားဖြင့် ခရီးသွားလာကြမည့် ခရီးသည်များ သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖေဖော်ဝါရီ ၄ ရက်မှစတင်၍ ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ရှိ မီးရထားဘူတာရုံမှ သိရသည်။

ပြန်လည်ပြေးဆွဲမည့် မီးရထားများမှာ အမှတ်(၃၁)အဆန်/(၃၂)အစုန် မန္တလေး-မြစ်ကြီးနား လေအိတ်ရထား၊ အမှတ်(၅၅)အဆန်/(၅၆)အစုန် အထူးမြန်ရထားနှင့် အမှတ်(၅၃)အဆန်/(၅၄) အစုန် မန္တလေး-ကောလင်း RBEရထားတို့ဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် အမှတ်(၄၇)အဆန်/ (၄၈)အစုန် မန္တလေး- နဘားရထားနှင့် အမှတ်( ၅၇)/(၅၈)အစုန် မန္တလေး- မြစ်ကြီးနား -မန္တလာ ရထားများ ထပ်မံပြေးဆွဲမည်ဖြစ်ကြောင်း ကန့်ဘလူဘူတာရုံပိုင်ကြီး ဦးဝင်းမြင့်၏ ပြောပြချက် အရ သိရသည်။

ရထားလက်မှတ်များကို ခရီးသည်တစ်ဦးလျှင် နှစ်ခုံနှုန်းဖြင့် လက်မှတ်ခ တစ်စောင်အတွက်သာ ပေးရမည်ဖြစ်ပြီး ရထားလက်မှတ် ဝယ်ယူရာတွင် လည်းကောင်း၊ ရထားစီးနင်းရာတွင် လည်းကောင်း ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဝယ်ယူစီးနင်းကြရမည်ဖြစ်ကာ ရထားအချိန် များမှာလည်း ယခင်ထွက်ခွာဆိုက်ရောက်ချိန်များအတိုင်း ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)