မန္တလေး ၂၂ စက်တင်ဘာ
မန္တလေးမြို့ရှိ မဟာမုနိဘုရားတွင် ဂေါပကအဖွဲ့မှ ယခုနှစ်အတွင်း စတင်ပြောင်းလဲဆောင်ရွက်သည့် ကား၊ ဆိုင်ကယ် အပ်နှံခနှင့် နိုင်ငံခြားသားများထံမှ ကောက်ခံရရှိသည့် ဝင်ကြေးငွေ စုစုပေါင်းမှာ တစ်လလျှင် ငွေကျပ် သိန်းတစ်ထောင်ခန့် ရရှိကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးသိန်းထွန်းက ပြောကြားသည်။
ယခင်က မဟာမုနိဘုရားသို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူများ၏ ကား၊ ဆိုင်ကယ် ရပ်နားခကို ဘုရားဂေါပက အဖွဲ့မှ လေလံစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ တစ်ရက်လျှင် ငွေကျပ် နှစ်သိန်းငါးသောင်းနှုန်းသာ ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ လေလံစနစ်ကို ဖျက်သိမ်း၍ ကွန်ပျူတာစနစ်သုံး မောင်းတံဂိတ်ထားရှိကာ ယာဉ်ရပ်နားစခန်းများ တည်ဆောက်၍ ယာဉ်အပ်နှံခအား ကားကြီး ၅၀ဝ ကျပ်၊ ကားသေး ၃၀ဝ ကျပ်နှင့် ဆိုင်ကယ်တစ်စီးလျှင် ၁၀ဝ ကျပ် သတ်မှတ်ပြီး ဂေါပကအဖွဲ့ဝန်ထမ်းများကိုယ်တိုင် စနစ်တကျကောက်ခံခဲ့သဖြင့် တစ်ရက်လျှင် ပျမ်းမျှ ငွေကျပ် ရှစ်သိန်းဝန်းကျင် ရရှိလာခဲ့ကြောင်း သိရသည်။
''ဘုရားကြီးဂေါပကအဖွဲ့ရဲ့ စီမံဆောင်ရွက်မှုတွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်တွေကြောင့် ဒီလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခဲ့တာပါ။ အရင်က ကား၊ ဆိုင်ကယ် ရပ်နားခတွေကို လေလံပေးပြီး ကောက်ခံတဲ့အတွက် ဘုရားဖူးပြည်သူတွေ နဲ့ လေလံရသူတွေအကြား ပြဿနာတွေ မကြာခဏ ဖြစ်ခဲ့ကြပေမယ့် ယခု မောင်းတံစနစ်နဲ့ ပြောင်းလဲကောက်ခံပေးတဲ့အတွက် ဘုရားဖူးတွေလည်း စိတ်အေးချမ်းစွာနဲ့ ဘုရားဖူးနိုင်သလို သူတို့ရဲ့ ကား၊ ဆိုင်ကယ် လုံခြုံရေးအတွက်လည်း စိတ်ချသွားရတာပေါ့။ ဒါအပြင် ဘုရားကြီးဘက်စုံပြုပြင်ရေးအတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေတွေလည်း အပြည့်အဝ ရရှိသွားပါတယ်''ဟု ၄င်းက ပြောသည်။
ထို့ပြင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဘုရားကြီး မြောက်ဘက်မုခ် ၄၅ တာတွင် Tourist Information Center တည်ဆောက် ဖွင့်လှစ်ပြီး ဘုရားကြီးသို့ လာရောက်လေ့လာဖူးမြော်ကြသည့် နိုင်ငံတကာ ခရီးသွားများအား တစ်ဦးလျှင် ငွေကျပ် ၅၀ဝ၀ သတ်မှတ်၍ ဝင်ကြေးငွေများ ကောက်ခံခဲ့ရာ ဇူလိုင်လတွင် ဝင်ကြေးငွေ ၈၁၇ သိန်း ၄ သောင်းနှင့် သြဂုတ်လတွင် ၉၅၁ သိန်း ၂ သောင်း ရရှိခဲ့ကြောင်း သိရသည်။
''ဒီလိုဝင်ကြေးငွေကောက်ခံရာမှာ သူတို့အတွက် ဝန်ဆောင်မှုတွေအဖြစ် Tourist Information Center မှာ အနားယူဖို့ ခုံတန်းတွေ စနိုးတာဝါတွေ လမ်းညွှန်စာအုပ်တွေ ဖိနပ်ချွတ်စင်တွေနဲ့ သူတို့ ပါလာတဲ့ ပစ္စည်းတွေ သိမ်းဆည်းဖို့ lock box တွေ စီစဉ်ပေးထားတဲ့အပြင် အဆင့်မြင့်သန့်စင်ခန်းတွေလည်း တည်ဆောက်ထားရှိပေးထားပါတယ်။ ဘုရားကြီးကို ဝင်ရောက်လာကြတဲ့ နိုင်ငံခြားသားတွေက အုပ်စုလိုက် လာကြတာများတဲ့အတွက် စင်တာတစ်ခုတည်းနဲ့ လုံလောက်မှုမရှိနိုင်တော့လို့ လက်ရှိ စင်တာရဲ့အနီးမှာ စင်တာနောက်တစ်ခုကို တိုးချဲ့တည်ဆောက်နေပါတယ်။ ကောက်ခံရရှိတဲ့ ဝင်ကြေးငွေတွေကို ဘုရားဘက်စုံ ပြုပြင်ရေးတွေမှာ စနစ်တကျ အသုံးပြုသွားမယ့်အပြင် ဘုရားဖူးပြည်သူတွေအတွက်လိုအပ်တဲ့ အဆင့်မြင့် သန့်စင်ခန်းတွေကိုလည်း တိုးချဲ့တည်ဆောက်ပေးနေပြီး အခမဲ့ အသုံးပြုခွင့် ပေးထားပါတယ် ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
မန္တလေး မဟာမုနိဘုရားကြီးသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုမှာ လစဉ်တိုးတက်များပြားလျက်ရှိပြီး လက်ရှိ ဝင်ကြေးငွေ ကောက်ခံမှုစာရင်းများအရ နေ့စဉ်ပျမ်းမျှ ၅၀ဝ ကျော်ဝင်ရောက်လျက်ရှိရာ ဇူလိုင်လတွင် ၁၆၃၄၈ ဦးနှင့် သြဂုတ်လတွင် ၁၉၀၂၄ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


