မန္တလေး ၂၇  အောက်တိုဘာ

 

မန္တလေးမြို့ရှိ မဟာမုနိဘုရားတွင် ပန်းမွေ့ရာရွှေကော်ဇော ခင်းလှူပူဇော်ပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။

 

အဆိုပါ မဟာမုနိဘုရား၌ပန်းမွေ့ရာ လှူဒါန်းပူဇော်ခြင်းကို Strategy First University က ပန်းကလေးများအဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး  နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်၍ ပန်းများကို စီခြယ်၍ ပုံဖော်ရွက်သွားမည်ဖြစ်ကာ ပန်းပွင့်ပေါင်း ရှစ်သိန်းနှင့် ဆယ်သိန်းကြား လှူဒါန်းပူဇော်မည်ဖြစ်ကြောင်း သိရသည်။

 

"မဟာမုနိဘုရားမှာ ပန်းမွေ့ယာ ရွှေကော်ဇော လှူဒါန်းပူဇော်ချင်ပါတယ် ဆိုပြီး ဂေါပကအဖွဲ့ကို ခွင့်တောင်းတဲ့အတွက် ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။ အခုလိုပူဇော်မယ်ဆိုတာအရမ်းကိုကောင်းမွန်ပါတယ် ဘုရား မှာလဲအမှတ်တရ ဖြစ်ပါတယ်ဟု၎င်းကပြောသည်။

 

ပန်းမွေ့ယာ ရွှေကော်ဇောလှူဒါန်းမူကိုမဟာမုနိဘုရား၏ အနောက်တောင် ရင်ပြင်တော်၌ ပန်းများဖြင့် ပုံဖော်ထားသည့် သာသနာ့အလံတော်၊ ပဌန်းစက်ဝိုင်း၊ မဂ္ဂင်ရှစ်ပါးစက်ဝိုင်း နှင့် ပန်းစေတီတော်တို့ကို လှူဒါန်းပူဇော်သွားမည်ဖြစ်သည့်အပြင် ဆီမီးပူဇော်ခြင်းများ ပဌန်းပစ္စယုဒ္ဒေသ အကျယ်နှင့်ပရိတ်တော်များ ရွတ်ဆိုပူဇော်ခြင်းနှင့် အမျှပေးဝေခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပန်းမွေ့ယာရွှေကော်ဇော ခင်းလှူပူဇော်ခြင်းကို ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ တန်ခိုးကြီးဘုရား စေတီများဖြစ်သည့် ရွှေတီဂုံစေတီတော်၌ပထမအကြိမ်နှင့် ဆံတော်ရှင်ကျိူက်ထီးရိုးစေတီတော်၌ ဒုတိယ အကြိမ်အဖြစ် လှူဒါန်းပူဇော်ခဲ့ပြီး မဟာမုနိဘုရားတွင် တတိယအကြိမ် လှူဒါန်းပူဇော်ခြင်း အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)