မန္တလေး ၆ အောက်တိုဘာ
မန္တလေး-မတ္တရာ ရွှေတချောင်းမြောင်းဘောင်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းတွင် အသုံးပြုမည့်ငွေမှာ များပြားနေသဖြင့် အခုလ ၄ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ ဘဏ္ဍာငွေဖြတ်တောက်ခဲ့သည်။
၂၀၁၈-၂၀၁၉ မန္တလေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေမူကြမ်းတွင် မန္တလေး-မတ္တရာ ရွှေတချောင်းမြောင်းဘောင်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအတွက် ငွေကျပ် ၆၅၉၁ သန်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။
‘၂၀၁၈-၁၉ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ စက်တင်ဘာလအထိ ဒေသန္တရ စီမံကိန်းရည်မှန်းချက်ပါ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက ဆောင်ရွက်မည့် မန္တလေး-မတ္တရာ ရွှေတချောင်းမြောင်း ဘောင်လမ်း ဆောက်လုပ်ခြင်းလုပ်ငန်းအား ပယ်ဖျက်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက် ၊လမ်း ၊ တံတား လုပ်ငန်းများတွင် ပြောင်းလဲအသုံးပြုရန် လွှတ်တော်သဘောထားရယူရာ သဘောတူသဖြင့် အတည်ပြုခဲ့ပါသည်’ ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။
အဆိုပါလုပ်ငန်းသည် ၁၀ ဒသမ ၈ မိုင်ဖြစ်ပြီး တစ်မိုင်လျှင်ကျပ် ၆၄၇ သန်း နှုန်းဖြင့် စုစုပေါင်းကုန်ကျငွေ ကျပ် ၆၅၉၁ သန်းမှာ လွန်စွာများပြားနေသည်ဟု သိရသည်။ မန္တလေး-မတ္တရာ ရွှေတချောင်းမြောင်းဘောင်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုဖြင့် လုပ်ငန်းဆောင် ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်ပိုင်အဖြစ် လွှဲပြောင်းရယူကာ B.O.T စနစ်ဖြင့်ဆောင်ရွက် ရန်ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်းသိရသည်။ အဆိုပါလမ်းအတွက် လျာထားရံပုံငွေမှာ ၆၅၉၁ သန်းဖြစ်ပြီး လမ်းအူကြောင်း တိုင်းတာခြင်းနှင့် ပုံထုတ်ခြင်းအတွက် ကျပ် ၅ ဒသမ ၈၄၃ သန်း ၊ စုစုပေါင်း ကျပ် ၆၅၉၆ ဒသမ ၈၄၃ သန်း အသုံးပြုရန် တင်ပြခဲ့သည်။
အိမို့မို့ခိုင်