မန္တလေး ၃၁ ဒီဇင်ဘာ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မန္တလေး-နေပြည်တော်ပျဉ်းမနား အမြန်ရထားကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ (၁)ရက်တွင် အစုန်၊ အဆန်ပြေးဆွဲမည်ဖြစ်သည်။

 

မန္တလေး-နေပြည်တော်ပျဉ်းမနားရထားကို ပျဉ်းမနားဘူတာမှ နံနက် ၆ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးဘူတာကြီးသို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။

 

မန္တလေးဘူတာကြီးမှ ညနေ ၅ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး နေပြည်တော်ပျဉ်းမနားသို့ ည ၁၁ နာရီ မိနစ် ၂၀ တွင် ရောက်ရှိမည်။

 

အဆိုပါရထားသည် ခရီးစဉ်တစ်လျှောက် နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ သာစည်၊ သဲတော၊ မြစ်သား၊ ကျောက်ဆည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်သည်။

 

ယခင်က မန္တလေး-နေပြည်တော်ရထားလမ်းပိုင်းတွင် ဂျပန်နိုင်ငံမှ မှာယူသော လေအိတ်ရထားများ ပြေးဆွဲခဲ့သော်လည်း စီးသူနည်းပါးသဖြင့် ဖျက်သိမ်းခဲ့ရသည်။

 

မန္တလေး-နေပြည်တော်လမ်းပိုင်းတွင် အမြန်လမ်းနှင့်လမ်းဟောင်းတို့မှ ခရီးသည်တင် မှန်လုံယာဉ်ကြီးများလည်း ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်စီးနင်းမှုများပြားကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)