မန္တလေး ၄ စက်တင်ဘာ
အင်ဂျင်နီယာနှင့် ပတ်သက်သည့် နည်းပညာများ၊ သုတေသနရလဒ်များ အပြန်အလှန် ဖလှယ်နိုင်ရန်အတွက် သိပ္ပံ၊ နည်းပညာဆိုင်ရာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ နိုင်ငံတကာ စာတမ်းဖတ်ပွဲကို အခုလ ၁၆ ရက်၊ ၁၇ ရက်တွင် မန္တလေး နည်း ပညာတက္ကသိုလ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် ပြည်တွင်း၊ ပြည်ပမှ စာတမ်း ဖတ်ကြားမည့်သူ ၁၅၀ ခန့်ရှိကြောင်း သိရသည်။
"သုတေသနရလဒ်တွေ အပြန်အလှန် ဖလှယ်ရေး၊ သုတေသနလုပ်ငန်းနဲ့ ကိုယ့်ဒေသ ကိုယ့်ပတ်ဝန်းကျင်မှာ အသုံးချနိုင်တဲ့ ခြေလှမ်းတွေကို သုတေသန စာတမ်းဖတ်ရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် နည်းပညာတွေ ဖလှယ်ရယူနိုင်တဲ့ ပွဲဖြစ်တယ်။ အင်ဂျင်နီယာ နည်းပညာ ထပ်ဆင့်ဆောင်ရွက်နိုင်တဲ့ အခွင့်လမ်းတွေ ရရှိမယ်'' ဟု မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး က ပြောသည်။
စာတမ်းဖတ်ပွဲ နှင့်အတူ ကုန်ထုတ်လုပ်ငန်း၊ နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ သုတေသန ဆောင်ရွက်ထားတဲ့ ပရောဂျက်များကိုလည်း ပြသမှာဖြစ်ကြောင်း သိရသည်။
မန္တလေး နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားများ၏ သုတေသန စာတမ်းများအား ပိုစတာရှိုးအနေဖြင့် ရွေးချယ်ပြီး ပြသမှာဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


