မန္တလေး ၂၃ ဒီဇင်ဘာ

 

မန္တလေးမြို့ပြည်ကြီး တံခွန်မြို့နယ်၏ လူဦးရေ ၇၀ ရာခိုင်နှုန်းအတွက် ရေပေးဝေရေး စီမံကိန်းကို နယ်သာလန်နိုင်ငံနှင့်  ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

 

အဆိုပါ စီမံကိန်းကို နယ်သာလန်နိုင်ငံ အစိုးရက ၅၀ ရာခိုင်နှုန်း  ကူညီထောက်ပံ့ပေးပြီး ၅၀ ရာခိုင်နှုန်း ချေးငွေရယူကာ ဆောင်ရွက်မည်ဖြစ်ပြီး ယခင်က ၂၀၁၉ အောက်တိုဘာလတွင် စတင်ရန် စီစဉ် ထားသော်လည်း အခက်အခဲများကြောင့် မစတင်နိုင်ပဲ ယခုမှသာ စတင်ရခြင်းဖြစ်ကြောင်း သိရသည်။

 

"တစ်ရက်လျှင် ရေဂါလန် ခုနစ်သန်းရရှိနိုင်ဖို့ ရေအရင်းမြစ်ကို ဒုဋ္ဌဝတီမြစ်မှ ရယူသွားမယ်။ သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရန်အတွက်ကိုလည်း အမြန်ရေသန့်စင်ခြင်း နည်းစနစ် (Rapid Filtration System)ဖြင့် ဆောင်ရွက်ပြီး ရေပေးဝေသွားမယ်။ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ  ရေသန့်စင်စက်ရုံနဲ့ သန့်စင်သွားပါမယ်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

 

8520134569

 

စီမံကိန်းပြီးစီးပါက ပြည်ကြီးတံခွန်မြို့နယ် လူဦးရေ ၇၀ ရာ ခိုင်နှုန်းအတွက် တစ်ရက်လျှင် ရေဂါလန် ခုနစ်သန်း ရရှိမည် ဖြစ်သည်။ လူဦးရေ ၃၀ ရာခိုင်နှုန်းကို ရေပေးဝေရေး ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ပြီး မကြာမီ မြို့နယ်လုံး ပြည့်ရေပေးဝေနိုင်မည်ဟု သိရသည်။

 

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ရေဖြန့်ဖြူး ရေးဌာနအနေဖြင့် လက်ရှိတွင် မန္တလေးမြို့နယ် (အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်) ၏ ၇၀ ရာခိုင်နှုန်းကိုသာ ရေပေးဝေနိုင်သေးသည်။

 

ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီ (AFD) မှ ချေးငွေယူရိုသန်း  ၄၀ ဖြင့် အဆိုပါ မြို့နယ်လေးခု၏ လူဦးရေ ၉၀ ရာခိုင်နှုန်း ကို ၂၀၂၀ ပြည့်နှစ်တွင် သန့်ရှင်းသော ရေဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်နေသည်။

 

သူရိန်လင်း