မန္တလေး ၇ ဇန်နဝါရီ


မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်တွင် ဇန်နဝါရီ ၅ ရက် ညပိုင်းက ဆော့ကစားနေသည့် ကလေးငယ်တစ်ဦးကို မုန့်ဖိုးငွေ ကျပ် ၂၀၀ ပေးမည်ဟုဆိုကာ ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်၊ ၇၄ လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းကြား၊ ကျွဲဆည်ကန် ကားကြီးကွင်း တောင်ဘက် ဝင်းကမ္ဘာ လက်ဖက်ရည်ဆိုင်အနီးတွင် မချိုမြင့် အသက်ခြောက်နှစ်သည် သူငယ်ချင်းများနှင့်ဆော့ကစားနေစဉ် အမည်မသိ အမျိုးသား တစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ကလေးငယ်ကိုခေါ်၍ သန့်စင်ခန်း လိုက်ပြပေး မုန့်ဖိုးငွေကျပ် ၂၀ဝ ပေးမည်ဟုဆိုကာ တင်ဆောင်ထွက်ပြေး သွားကြောင်း သိရသည်။

 
ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများက လိုက်လံပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်ရာ ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက် တံခွန်တိုင်အဝိုင်း အရှေ့ဘက်လမ်းဘေးတွင် ကလေးကို ဆိုင်ကယ်ပေါ်မှချကာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

 
အဆိုပါ ကလေးငယ်ကို မိခင် ဖြစ်သူထံ ပြန်လည်အပ်နှံပေးရာ မိခင်ဖြစ်သူက အမှုဖွင့် အရေးယူလိုသည့် ဆန္ဒမရှိကြောင်း၊ ကလေးငယ် ခေါ်ဆောင်သွားသူကို ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေ လျက်ရှိကြောင်း သိရသည်။ 


မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂)၊ (ဈ)ရပ်ကွက်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းကလည်း အမည်မသိ အမျိုးသားတစ်ဦးသည် အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဆိုင်ကယ်ဖြင့် ခေါ်သွားပြီး အဓမ္မ ပြုကျင့်ကာ ပြင်ဦးလွင်အတက် လမ်းရှိ ချုံပုတ်အတွင်း ပစ်ထားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယင်းအမျိုးသားကို အမှုဖွင့်ထားသော်လည်း လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။


သူရိန်လင်း