မန္တလေး ၂၈ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အမျိုးသမီးနှင့် ကလေးသူငယ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအဖွဲ့တို့ပူးပေါင်းကာ မန္တလေးမြို့ မဟာ အောင်မြေ မြို့နယ် မန္တလေးတက္ကသိုလ် URC Seminar Room(1)တွင် နိုဝင်ဘာလ (၂၈)ရက်နေ့ နံနက် (၉)နာရီက အမျိုးသမီးများ ကျန်းမာရေးစောင့် ရှောက်မှု ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ယူနန်ပြည်နယ် အမျိုးသမီးနှင့် ကလေးသူငယ် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှု သိကောင်း စရာများကို ဟောပြောခြင်း ကျောင်းသူများနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယကများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်များ၊ ယူနန်ပြည်နယ် အမျိုးသမီးနှင့် ကလေးသူငယ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် အချိန် ပိုင်း နည်းပြ/သရုပ်ပြများ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အမျိုးသမီးနှင့် ကလေး သူငယ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးအဖွဲ့တို့ပူးပေါင်း၍ နိုင်ဝင်ဘလ (၂၇)ရက်နေ့နှင့် (၂၈) ရက်နေ့တို့တွင် မန္တလေးမြို့ ၌ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ ကလေးပြုစုရေးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း၊ ဆောင်းဒါးရက္ကန်းသင်တန်းကျောင်းများအား လေ့လာခြင်း၊ မန္တလေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် အမျိုးသမီးနှင့်ကလေးများ ကျန်းမာရေး စောင့်ရှောက်မှု ဟောပြောပွဲများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်