မန္တလေး ၂၄ စက်တင်ဘာ
မန္တလေးမြို့ မန္တလေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားများအတွက် သက်မွေးသင်တန်းကျောင်းတစ်ခုကို တည်ဆောက်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း ( ICRC )၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သက်မွေးသင်တန်းကျောင်းကို ICRC နှင့် မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး သင်တန်းကျောင်းမှာ နှစ်ထပ်ကျောင်းဆောင်တစ်ခုဖြစ်ကာ အကျဉ်းသားများအတွက် လက်တွေ့ကျသည့် ပညာရပ်များဖြစ်သော စက်မှုပညာ၊ လျှပ်စစ်အင် ဂျင်နီယာနှင့် သံဂဟေဆက်ပညာရပ်များကို ဆည်းပူးနိုင်မည် သိရသည် ။
"ဒါဟာ အကျဉ်းသားတွေကို တိုးတက်ကောင်းမွန်အောင် ရည်ရွယ်ထားတဲ့ ရှေ့ပြေး ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။ ဒီလိုမျိုးအတတ်ပညာဆိုင်ရာ သင်တန်းတွ ေပေးခြင်းအားဖြင့် နောင်တစ်ချိန် အကျဉ်းထောင်ကနေ လွတ်မြောက်တဲ့အခါ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဘဝကိုပြန်လည် တည်ဆောက်ရေးအတွက် အလားအလာတွေ ပိုရမယ်လို့ မျှော်လင့်တာပါ " လို့ ICRC မှ Olivier Gamel က ပြောသည် ။
အဆိုပါ သင်တန်းကျောင်းသည် ၈၇၅ စတုရန်းမီတာရှိပြီး ကုန်ကျမှုငွေကြေး ပမာဏမှာ ငွေ ကျပ်၂ ဒဿမ ၃ ခန့် ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။
"အကျဉ်းသားတွေအတွက် ဒီလိုဖွင့်တယ်ဆိုတော့ ကောင်းတာပေါ့။ သင်တန်းကျောင်းကို ပြီးခဲ့တဲ့ သြဂုတ်လက စတင်ဆောက် လုပ်ခဲ့တယ်။ ခုတော့ လုပ်ငန်း ပမာဏ ၃၀ ရာခိုင်းနှုန်းခန့်ပြီးစီးပါပြီ။" ဟုမန္တလေးဗဟိုအကျဉ်း ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောသည်။
သင်တန်းကျောင်းဆောက်လုပ်ရန်အတွက် စီမံကိန်း၏ ဒီဇိုင်းပုံစံကို ၂၀၁၇ ခုနှစ်က စတင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု အပြည်ပြည် ဆိုင်ရာကြက်ခြေနီအသင်း ( ICRC ) က သတင်းထုတ်ပြန်သည်။
သူရိန်လင်း


