မန္တလေး ၃ အောက်တိုဘာ
မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ သဘာ၀ဘေးအန္တရာယ်ကျရောက်မှုကြောင့် အစုလိုက် အပြုံလိုက် ထိခိုက်ဒဏ်ရာ ရရှိမှုဖြင့် အရေးပေါ်ရောက်ရှိလာသည့် လူနာများအတွက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီက အဆိုပါဆေးရုံကြီးတွင် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Humanity & Inclusion (HI) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဇာတ်တိုက် လေ့ကျင့်ခြင်းကို မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ဖွဲ့စည်းထားသည့် Hospital Mass Casualty Management Committee အဖွဲ့မှ အဖွဲ့ဝင် ၁၅၀ ကျော်ဖြင့် ငလျင်လှုပ်ခတ်မှုနှင့် မီးဘေးအန္တရာယ် ဖြစ်ပွားမှုကြောင့် ဆေးရုံကြီးသို့ အရေးပေါ် ရောက်ရှိလာသည့် လူနာ ၅၀ ကျော်အား အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိသူများအား စီမံခန့်ခွဲခြင်း စီမံချက်ပါ နိုင်ငံတကာ နည်းပညာရပ်များကို အသုံးပြု၍ တုံပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ တင်တင်မိုးက ပြောသည်။
''ကျွန်မတို့ဆေးရုံကြီးမှာ အရေးပေါ်အခြေအနေတွေ ဖြစ်လာခဲ့လို့ တုံ့ပြန်ဆောင်ရွက်တဲ့အခါမှာ အားသာချက် အားနည်းချက်တွေကို သိရှိဖို့အတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီဇာတ်တိုက်လေ့ကျင့်ခြင်းက ကျွန်မတို့ ဆေးရုံကြီးမှာ ပထမဆုံးအကြိမ်ပြုလုပ်တာ ဖြစ်တဲ့အပြင် ဒီလိုလုပ်နိုင်ဖို့အတွက် အဖွဲ့အစည်းတွေ အများကြီး ဖွဲ့စည်းဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ငလျင်လှုပ်ခြင်းနဲ့ မီးလောင်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံကြီးကို အစုလိုက်အပြုံလိုက် ရောက်ရှိလာတဲ့ လူနာတွေရဲ့ ထိခိုက်မှုအခြေအနေပေါ်မူတည်ပြီး လူနာအမျိုး အစားကို ၃ မျိုးခွဲခြားပြီး အရေးပေါ်ကုသပေးတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်တာပါ။ သရုပ်ဆောင်လူနာအဖြစ် အင်အား ၅၀ ကျော်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုသဘာ၀ဘေးအန္တရာယ် ကျရောက်မှုကြောင့် ရောက်ရှိလာတဲ့ လူနာတွေရဲ့အသက်ကို အချိန်မီ ကယ်တင်ကုသပေးနိုင်ဖို့ဆိုတာ ဒီလို စီမံခန့်ခွဲရေးစီမံချက်တွေ လိုအပ်ပါတယ်။ ဒါပြင် ဒီစီမံချက်တွေ အမြဲတမ်းသက်ဝင်လှုပ်ရှားဖို့ လိုအပ်သလို ဒီစီမံချက်မှာ ပါဝင်ဆောင်ရွက်ရမယ့်သူတွေမှာလည်း အတွေ့အကြုံတွေရှိနေဖို့ လိုအပ်ပါတယ်။ ဒီဇာတ်တိုက်လေ့ကျင့်ခြင်းတွေကနေ အားသာချက် အားနည်းချက်တွေကို စီမံချက်မှာ ထည့်သွင်းပြုပြင်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။
အဆိုပါ Humanity & Inclusion (HI) အဖွဲ့မှ သဘာ၀ဘေးအန္တရာယ်ကျရောက်မှုကြောင့် ဆေးရုံကြီးများသို့ စုလိုက်အပြုံလိုက် ရောက်ရှိလာသည့် လူနာများအား တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးရှိ ဝန်ထမ်းမျာအား Hospital Mass Casualty Management Plan သင်တန်းကို ၂၀၁၈ ခုနှစ်မှစ၍ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး အဆိုပါသင်တန်းတွင် စာတွေ့လက်တွေ့သင်ကြားခြင်းများအပြင် အလုပ်ရုံ ဆွေးနွေးပွဲများလည်း ၁၀ ကြိမ်ကျော် ဆောင်ရွက်ခဲ့ကာ ယခုအခါ အဆိုပါ စီမံချက်ပါ နည်းပညာရပ်များအတိုင်း ဇာတ်လိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


