မတ္တရာ၊ ၁၉ ဇန်နဝါရီ
မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် သွေးအမျိုးအစား မျိုးစုံ လိုအပ်နေသည့်အတွက် မတ္တရာမြို့မှ သွေးအလှူရှင်များက ဇန်နဝါရီ ၁၉ ရက်တွင် မတ္တရာမြို့ အမှတ်(၁) ရပ်ကွက် ဇေယျာသန မစိုးရိမ်တိုက်သစ်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် အမျိုးသားသွေးလှူဘဏ်သို့ သွေးအလှူရှင်များ မလာရောက်နိုင်သောကြောင့် သွေးများလိုအပ်လျက်ရှိသည့်အတွက် မန္တလေးဆေးရုံကြီး ရောဂါဗေဒဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းအောင်ထွန်းနှင့်အဖွဲ့က မတ္တရာမြို့သို့ သွေးအလှူခံ လာရောက်ခဲ့ရာ စာသင်တိုက်များမှ သံဃာတော်များ၊ ပရဟိတအသင်းများနှင့် တစ်ဦးချင်း သွေးအလှူရှင်များက လာရောက် သွေးလှူဒါန်းခဲ့ကြသည်။
“ဒီကာလမှာ သွေးအလှူရှင်တွေမလာနိုင်တဲ့ ပုံမှန်တစ်နေ့ကို ၁၀၀ လောက် လာရောက်လှူဒါန်းနေရာက အခုဆိုရင် ၃၀ လောက်ပဲ လာပါတော့တယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် အခုလို ဘုန်းတော်ကြီး ကျောင်းတွေက ဘုန်းဘုန်းတို့နဲ့ ပရဟိတသွေးအလှူရှင်အဖွဲ့၊ စေတနာ့သွေးအလှူရှင် အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဖြည့်ဆည်းရတာပါ။ သွေးက တစ်ရက်ကို တစ်ရာကျော်လိုအပ်တယ်။ တစ်လလုံး ဆိုရင် သွေးအလုံးရေ ၃၅၀၀ ကနေ ၄၀၀၀ ကြား လိုပါတယ်။ လူနာတွေအတွက် သန့်စင်တဲ့သွေးကို အရေးပေါ်၊ အချိန်မီ အလုံအလောက် ထောက်ပံ့နိုင်ဖို့အတွက် စေတနာ့သွေးအလှူရှင်တွေ ရရှိမှုအပေါ် မူတည်ပါတယ်၊၊ သွေးလှူတဲ့ သူတွေအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်၊၊ လေးလတစ်ကြိမ် သွေးလှူဒါန်းပေးခြင်းဖြင့် လူနာတွေရဲ့အသက်ကို ကယ်တင်နိုင်ပါတယ်”ဟု ဒေါက်တာသန်းအောင်ထွန်းက ပြောပြသည်။
ယနေ့သွေးလှူဒါန်းပွဲတွင် အမျိုးသားသွေးလှူဘဏ်သို့ စာသင်တိုက်များမှ သံဃာတော်များနှင့် စေတနာ့ သွေးအလှူရှင်များက သွေးမျိုးစုံ ၉၈ လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


