မန္တလေး ၈ ဇွန် 

 


မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) ၌ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် အကျဉ်းသား၊ အကျဉ်းသူ (၇၁) ဦးရှိရာ ၃၇ ဦးအောင်မြင်ကြောင်းသိရသည်။ အောင်မြင်သူများတွင် နှစ်ဘာသာ ဂုဏ်ထူးရှင် (၃) ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၁) ဦးရှိပြီး ဂုဏ်ထူးဖြင့် အောင်မြင်သူအပါအဝင် စုစုပေါင်း ၃၇ ဦး အောင်မြင်ခဲ့သည်။

 


ယခင်က စာမေးပွဲဖြေဆိုမည့် အကျဉ်းသား၊ အကျဉ်းသူများအနေဖြင့် အင်းစိန်အကျဉ်းထောင် စာစစ်ဌာနတွင် သွားရောက်ဖြေဆိုရပြီး ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှ စတင်၍ မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) တွင် စာစစ်ဌာန တစ်ခုဖွင့်၍ ဖြေဆိုစေခဲ့သည်။

 


၂၀၁၈ ခုနှစ်တွင် မန္တလေး ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၅၅ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၇ ဦးအောင်မြင်ခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် လေးဦးအထိရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အကျဉ်းသား ၂၇ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်း၊ လျှော့ရက်ပေးခြင်းများကို နိုင်ငံတော်က ဆောင်ရွက်ခဲ့သည်။ ယခုနှစ်တွင် တစ်နိုင်ငံလုံး အနေဖြင့် အင်းစိန်ထောင်၊ တောင်ငူထောင်၊ အိုးဘိုထောင်၊ ဘားအံထောင်၊ လွိုင်ကော်ထောင်၊ သရက်ထောင်၊ မုံရွာထောင်၊ မြိတ်နှင့် ကသာထောင်များတွင် ထောင်တွင်း စာစစ်ဌာနများမှ ဝင်ရောက်ဖြေဆိုသည့် အကျဉ်းသား ၁၇၁ ဦး ရှိရာ ၉၄ ဦး အောင်မြင်ခဲ့ပြီး ၅၄.၉၇ ရာခိုင်နှုန်း အောင်မြင်မှု ရှိကြောင်းသိရသည်။ 

 


သူရိန်လင်း