မန္တလေး ဩဂုတ် ၁
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား သောအားဖြင့် လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဉီးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုလိုက်ရာ မန္တလေးမြို့ရှိ ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၅၁ ဉီး လွတ်ငြိမ်းခွင့် ရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ မန္တလေးဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသား ၆၃၈ ဉီး၊ အကျဉ်းသူ ၁၁၃ ဉီးစုစုပေါင်း ၇၅၁ ဉီးတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင် တို့က ယနေ့မွန်းလွဲပိုင်းတွင် မန္တလေး ဗဟိုအကျဉ်းထောင်၌ တွေ့ဆုံ၍ ဆုံးမဩဝါဒစကားများ ပြောကြားခဲ့သည်။
ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများအား ကျန်းမာရေးစစ် ဆေးပေးခြင်း၊ နေတွက်စရိတ်နှင့် ခရီးစရိတ်ပေးအပ်ခြင်းတို့ကို စနစ် တကျ ဆောင်ရွက်ပေး၍ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။
ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး အကျဉ်းဉီးစီးဌာန ညွန်ကြားရေးမှူး ဉီးချိုဝင်းထွန်း က “အခုလို လွတ်မြောက်လာတဲ့သူ တွေအတွက် စားစရိတ်တွေ၊ ခရီးစရိတ်တွေကို နိုင်ငံတော်ကသတ်မှတ်ထားတဲ့နှုန်းထား အတိုင်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။ မိမိတို့သက်ဆိုင်ရာနေရပ်ကို ပြန်ကြမယ့်သူတွေ ကိုလည်း ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်တွေကို လိုက်ပို့ဖို့ စီစဉ်ထားပါတယ်။ ဒီနေ့ ကတော့ မင်္ဂလာရှိတဲ့နေ့လည်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက် ထူးမြတ်တဲ့ ဒီနေ့မှာ နိုင်ငံတော်အကြီးအကဲအနေနဲ့ လူသားချင်းစာနာမှုအပြင် ပြစ်ဒဏ်ကျခံနေရတဲ့သူ တွေရဲ့ မိသားစုတွေအတွက်ကိုယ်ချင်း စာတရားထားပြီး ပြစ်ဒဏ်တွေလျော့ပေါ့ လွတ်မြောက်ခွင့် ပေးတဲ့အတွက် များစွာဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ယနေ့လွတ်မြောက်တဲ့ သူတွေလည်း မိသားစုနဲ့ ပြန်လည်တွေ့ဆုံရတော့မှာဖြစ်တဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်” ဟု ပြောသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သူ တစ်ဉီးကလည်း “ ကျွန်တော်တို့ကို အခုလို လွတ်မြောက် ခွင့်ပေးတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီးနဲ့ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ အိမ်ကို အမြန်ဆုံးပြန်ပြီး မိသားစုနဲ့ တွေ့ချင်နေခဲ့တာ ကြာပါပြီ။ အခုဆို မိသားစုနဲ့ ပြန်လည်တွေ့ဆုံရတော့မှာဖြစ်တဲ့အတွက် ပြောမပြတတ်အောင် ပျော်ရွှင်မိနေပါတယ်။ ကျွန်တော်နဲ့ အတူလွတ်မြောက်လာတဲ့သူတွေအတွက်လည်း ပျော်ရွှင်မိပါတယ်” ဟုပြောသည်။
ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်(၅ )ထောင်နှင့် အလုပ်စခန်း ၇ ခုတို့တွင် အကျဉ်းသား ၁၁၁၈ ဦး၊ အကျဉ်းသူ ၂၁၈ ဦး စုစုပေါင်း ၁၃၃၆ ဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
သတင်း-မောင်အေးချမ်း
ဓာတ်ပုံ-MTK