မန္တလေး ဖေဖော်ဝါရီ ၁၃
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၄၀ ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၄၀၁)ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးဗဟို အကျဉ်းထောင်၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်နှင့် အကျဉ်းဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးချိုဝင်းထွန်းတို့ တက်ရောက်ခဲ့ကြပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသားများကို ဆုံးမဩဝါဒစကားများ ပြောကြားကြသည်။
ထို့နောက် အကျဉ်းသား/ အကျဉ်းသူများကို အကျဉ်းထောင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများဖြစ်သည့် အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းကို စနစ်တကျဆောင်ရွက်ပေးကာ ခရီးစရိတ်ငွေများပေးအပ်၍ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြသည်။
ယင်းသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းနှင့် ပတ်သက်၍ မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးချွန်က “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်ထဲမှာ ထိုက်သင့်တဲ့ပြစ်ဒဏ်တွေကို ကျခံခဲ့ပြီးတဲ့အပြင် ကောင်းမွန်စွာနေထိုင်တဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်တွေလျှော့ပေါ့ပေးပြီး ဥပဒေပုဒ်မ(၄၀၁)ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မန္တလေးဗဟိုအကျဉ်းထောင်ကနေ ဒီကနေ့ ပြန်လွှတ်တဲ့ အကျဉ်းသားဦးရေက အကျဉ်းသား ၃၇ ဦးနဲ့ အကျဉ်းသူ သုံးဦး စုစုပေါင်း ၄၀ ဖြစ်ပါတယ်။ ဒီလို ပြန်လွှတ်ပေးတဲ့အချိန်မှာ သူတို့ရသင့်ရထိုက်တဲ့ ခရီးစရိတ်တွေ လမ်းစရိတ်တွေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ မှတ်တမ်းကတ်ပြားတွေကိုလည်း ထုတ်ပေးလိုက်ပါတယ်”ဟု ပြောသည်။
ယနေ့ ပြန်လည်လွတ်မြောက်လာသည့် ကိုကျော်ဇင်ထွန်းကလည်း “စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေကြရတဲ့ ကျွန်တော်တို့လို အကျဉ်းသားတွေအပေါ်မှာ မိမိတို့အိမ်ပြန်ရမယ့် ရက်ထက်စောပြီး ပြန်ခွင့်ပေးတဲ့ နိုင်ငံတော်က တာဝန်ရှိသူ အကြီးအကဲအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်၊ မိသားစုရင်ခွင်ကို စောစောပြန်ခွင့်ရတဲ့ အတွက်လည်း အတိုင်းမသိ ဝမ်းမြောက်မိပါတယ်” ဟု ပြောသည်။
ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၄၀၁)၊ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ် ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


