မန္တလေး  ၁၅  ဇွန်

 

မန္တလေး-ရန်ကုန်နှင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်အချို့အား ဇွန် ၁၆ ရက်မှစတင်၍ မန္တလေးဘူတာကြီးမှ ထပ်တိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(မန္တလေးဘူတာကြီး)မှ သိရသည်။

 

“ရထားခရီးစဉ်ပြေးဆွဲရာမှာ ရထားတွဲတစ်တွဲကို လူ(၆၀)ဦးဆံ့ရင် (၃၀)ဦးပဲ စီးခိုင်းမယ်၊ လူတစ်ဦးကို ထိုင်ခုံနှစ်ခု ရမှာပါ။ အဲဒီအတွက် လက်မှတ်ဈေးနှုန်းပဲ ပေးရမယ်၊ ပိုမတောင်းဘူး၊ ယခင်နှုန်းထားအတိုင်းပါပဲ၊ ကိုဗစ် ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားမည်”ဟု မြန်မာ့မီးရထား (မန္တလေးဘူတာကြီး)မှ အထွေထွေမန်နေဂျာ ဦးမျိုးဝင်းက ပြောသည်။

 

ကိုဗစ်ကာလအတွင်း မန္တလေး-ရန်ကုန် ရထားခရီးစဉ်ကို မန္တလေးမြို့မှ အမှတ်(၄) အစုန်ရထားခရီးစဉ်ကို ညနေ ၄ နာရီခွဲတွင် တစ်စီးပြေးဆွဲရာမှ ယခု ညနေ ၃ နာရီတွင် အမှတ်(၆)အစုန်ရထားတစ်စီး ထပ်တိုးပြေးဆွဲပေးမည်ဖြစ်ပြီး အလားတူ မန္တလေး-မြစ်ကြီးနားခရီးစဉ်တွင် မန္တလေးမြို့မှ အမှတ်(၄၁)အဆန် ညနေ ၅ နာရီခွဲတွင် တစ်စီးပြေးဆွဲရာမှ အမှတ်(၅၇)အဆန် ရထားခရီးစဉ်အား နံနက် ၈ နာရီ ၄၅ မိနစ်တွင် တစ်စီးတိုးချဲ့ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ကိုဗစ်ကာလ ယာယီရပ်ဆိုင်းထားချိန်တွင် မန္တလေး-ရန်ကုန်နှင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်အချို့အား မန္တလေးဘူတာကြီးမှ တစ်စင်းစီသာ ပြေးဆွဲပေးခဲ့ရာမှ ယခုအခါ တပ်တိုးပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)