မန္တလေး ၁၇ ဇူလိုင်
မန္တလေးဆိပ်ကမ်း ဧရာဝတီမြစ်ရေသည် အထက်ပိုင်းဒေသများတွင် ၄ ရက်ခန့် မိုးဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် မန္တလေးဆိပ်ကမ်းတွင် ယခုလအတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်သည်ဟု မန္တလေးတိုင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ထွေးထွေးဝင်းက ပြောသည်။
မြစ်ကြီးနား၊ ပူတာအို၊ မချမ်းဘောတို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မန္တလေးဆိပ်ကမ်းတွင် တစ်ရက်လျင် တစ်ပေခန့်မြင့်တက်လာကြောင်း သိရသည်။
“မြစ်ကြီးနားမှာ ကျသွားတဲ့မြစ်ရေတွေက အောက်ဘက်ဆင်းလာပြီး ဗန်းမော်၊ ရွေကူ၊ သပိတ်ကျင်းဘက်ကို ရေတက်လာတယ်။ ဒီနေ့မှာ မန္တလေးမှာလည်း တစ်ပေလောက်တက်လာတယ်။ အထက်ပိုင်းမြစ်ရေက ဆက်ပြီး ဆင်းလာအုံးမှာဆိုတော့တစ်ပေနဲ့ တစ်ပေခွဲလောက် ထပ်တက်လာနိုင် တယ်ခန့်မှန်းထားတယ်”ဟု မန္တလေးတိုင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ထွေးထွေးဝင်း က ပြောသည်။
ယနေ့ မနက်ပိုင်း တိုင်းထွာချက်များအရ မန္တလေးဆိပ်ကမ်း စိုးရိမ်ရေအမှတ် ၁၂၆၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၁၅ ရက်နေ့က ၁၀၁၄ စင်တီမီတာရှိခဲ့ကြောင်း သိရသည်။
မန္တလေးဆိပ်ကမ်းစိုးရိမ်ရေအမှတ် ၁၂၆၀ စင်တီမီတာဖြစ်၍ အထက်ပိုင်းတွင် မိုးထပ်မံရွာသွန်းပါက စီးဆင်းမည့် ရေများကြောင့် စိုးရိမ်ရေအမှတ် ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်ဟုသိရသည်။
“မန္တလေးမြစ်ရေ အတက်အကျအတွက် အထက်ပိုင်းမြို့တွေက ရေအမှတ်တွေ ပြန်ကြည့်ရတယ်။ လက်ရှိမြစ်ရေကမန္တလေးမှာ စိုးရိမ်ရေအမှတ်နဲ့ နီးလာပြီ”ဟု မန္တလေးတိုင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ထွေးထွေးဝင်းက ဆက်လက်ပြောကြားသည်။
အိမို့မို့ခိုင်


