မန္တလေးဆန်ဈေးကွက်တွင် အသစ်ပေါ်သည့် နွေဆန်များ အရောင်းသွက်

မန္တလေး  ၇  မေ

 

မန္တလေးဆန်ဈေးကွက်တွင် အသစ်ပေါ်သည့် နွေဆန်များ အရောင်းသွက်လာကြောင်း မန္တလေးမြို့ ဆန်ကုန်သည်များထံကသိရသည် ။

 

ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်း အတက်၊ အကျ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်မြင့်တက်လာပြီး နယ်နှင့် အဝေးဝယ်လက်များ ပြန်လည်ဝယ် ယူလာကြသဖြင့် အရောင်းအဝယ်သွက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

" ဆန်ဈေးတွေတော့ မတက်ဘူး။ ဈေးနှုန်းက အပြောင်းအလဲ မရှိဘဲ နွေဆန် ဆန်ကြမ်းတွေ ဈေးအသင့်အတင့်နဲ့ အရောင်းအဝယ် သွက်နေပါတယ်။ ဆန်အသစ်ပေါ်လာချိန်ဆိုပေမဲ့ ရာသီဥတုပူပြင်းတော့ ကားခတွေလည်း ဈေးနည်းနည်းတက်သွားတယ်။" ဟု မန္တလေးမြို့မှ ဆန်ကုန်သည် ဦးသိန်းဇော်က ပြောသည်။

 

ဆန်အသစ်ပေါ်ချိန်တွင် ရာသီဥတုအခြေအနေကြောင့် ကားခနှုန်းထား၊ ဆန်စက်များ ကြန့်ကြာမှု၊ အလုပ်သမား ရှားပါးလာမှုများကြောင့် မန္တလေးဆန်ဈေးကွက်သို့ အောက်ဒေသဆန်ဝင်ရောက်မှုမှာ နှေးကွေးနေပြီး ယခင် ဆန်တွဲကား တစ်စင်းလျှင် ဈေးကွက်အတွင်း ရောက်ရှိရန် ၂ရက်၊ ၃ရက်ခန့်သာ ကြာမြင့်သော်လည်း လက်ရှိတွင် တစ်ပတ်ခန့် ကြာမြင့်နေကြောင်းသိရသည် ။

 

မန္တလေးဆန်ဈေးကွက်တွင် လက်ရှိဆန်ဈေးနှုန်းများမှာ ပွဲရုံဈေး တစ်တင်းခွဲအိတ် တစ်အိတ်လျှင် ရွှေဘိုဘေးကျား ပေါ်ဆန်း ၄၇၀ဝဝ မှ ၅၂၀ဝဝ၊ ရန်ကုန်ပေါ်ဆန်း ငွေ ကျပ် ၃၉၀ဝဝမှ ၄၆၀ဝဝ၊ မဂျမ်း တော(အရှေ့တော)ငွေကျပ် ၄၂၀ဝဝ မှ ၄၃၀ဝ၊ ဧရာမင်း ငွေကျပ် ၄၀ဝဝဝ မှ ၄၁၀ဝဝ၊ ဖန်သီးမနော် ငွေကျပ် ၂၅၀ဝဝမှ ၂၆၀ဝဝ၊ လုံးသွယ်မွှေး ငွေကျပ် ၄၁၀ဝဝမှ ၄၂၀ဝဝ၊ နွေဇီယာငွေကျပ်၂၁၅၀ဝ မှ ၂၂၀ဝဝ၊ ကောက်ညှင်း ငွေကျပ် ၅၀ဝဝဝမှ ၅၅၀ဝဝ၊ ဆန်ကြမ်း ဆလပ်ငွေကျပ် ၁၉၀ဝဝမှ ၂၀ဝဝဝ၊ ပေါ်ကျွဲ ငွေကျပ်၂၈၀ဝဝမှ ၂၉၀ဝဝ တို့ဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံဘက်မှ တရားမဝင်ကုန်စည်များ ဖမ်းဆီးအရေးယူနေသည့်အတွက် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို လေးလကျော် ရပ်နားထားရပြီး တရားဝင်တင်ပို့ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

သူရိန်လင်း

 

နတန