မန္တလေး ၂ ဇန်နဝါရီ

 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၃×၆၇ လမ်းထောင့်ရှိ မန္တလေးပညာရေးကောလိပ်၊ ပညာတန်ဆောင် ခန်းမတွင် မန္တလေးဆရာအတတ်သင်သိပ္ပံနှင့် မန္တလေးပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၁၃)ကြိမ်မြောက် အာစရိယပူဇော်ပွဲနှင့် မန္တလေးပညာရေး ကောလိပ် ဆရာအတတ်ပညာ ကျွမ်းကျင်မှုဒီပလိုမာသင်တန်း (၆/၂၀ဝ၉) သင်တန်းသား၊ သင်တန်းသူများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲ အခမ်းအနားများကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

 

63

 

ရှေးဦးစွာ မန္တလေးဆရာအတတ်သင်သိပ္ပံနှင့် မန္တလေးပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၁၃)ကြိမ်မြောက် အာစရိယပူဇော်ပွဲတွင် လက်ရှိကျောင်းအုပ်ကြီး ဒေါ်မိုးမိုးကြည်က အဖွင့်အမှာစကား ပြောကြားပြီး အငြိမ်းစားကျောင်းအုပ်ကြီး ဦးဗိုလ်မြင့်က ဝမ်းမြောက်မုဒိတာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူဟောင်းများက ကန်တော့ခံ အငြိမ်းစား ဆရာ၊ ဆရာမကြီး (၁၆၉)ဦးတို့အား ဂုဏ်ပြုငွေနှင့် ဂါရဝပြု လက်ဆောင် ပစ္စည်းများဖြင့် ကန်တော့ခဲ့ရာ ကန်တော့ခံဆရာမကြီးများကိုယ်စား ဆရာမကြီး ဒေါ်ခင်မွန်မြင့်က ဆုပေးဆုံးမ သြဝါဒစကား ပြောကြားသည်။

 

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူဟောင်းများဖြစ်သည့် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းထွန်းထွန်းက အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကာ ဦးချစ်ကိုလေးက ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားတင်ပြပြီး ဦးအောင်ကြည်နှင့် ဒေါ်ကေခိုင်စိုးတို့မှ ကျေးဇူးတင်စကား အသီးသီး ပြောကြားခဲ့သည်။ ယင်းနောက် ဆရာအတတ်ပညာကျွမ်းကျင်မှု ဒီပလိုမာသင်တန်း(၆/၂၀ဝ၉) သင်တန်းသား၊ သင်တန်းသူများ၏ ပထမအကြိမ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အာစရိယ ပူဇော်ပွဲအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးလွင်နှင့် ကော်မတီဝင်များ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများက ကန်တော့ခံ ဆရာ၊ ဆရာမကြီး (၆၁)ဦးကို ဂုဏ်ပြုငွေနှင့် ဂါရဝပြုလက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ခဲ့ပြီး အငြိမ်းစားကျောင်းအုပ်ကြီး ဒေါ်ခင်မြသက်က ဆုပေးဆုံးမသြဝါဒစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်စံမောင်