မန္တလေး   ၂၉  ဧပြီ

 

မန္တလေးစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရန် အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်နိုင်ရန်အတွက် ဧပြီလ၂၆ ရက်နေ့က စတင်၍စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

မန္တလေးစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန်စစ်ဆေးမှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် စက်မှုဇုန် စီမံခန့်ခွဲ ရေးကော်မတီတို့ ပူးပေါင်းစစ်ဆေးနေခြင်းဖြစ်ပြီး စစ်ဆေးမှုဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့်အချက် ၁၀ ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်ထားမှု ရှိမရှိ စစ်ဆေးခြင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ဆေးမှုအား ဧပြီလ ၂၆ ရက်နေ့ မှ ဧပြီလ ၃၀ ရက်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

369

 

စစ်ဆေးတဲ့အခါမှာ Recommendation ပေးပါတယ်၊ အေ ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက ချ မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက် အကြံပြုချက်တွေနဲ့အညီဆောင်ရွက်ထားတဲ့အတွက် စက်ရုံအနေနဲ့ ဒေသန္တရအမိန့်ကိုလိုက်နာပြီး လည်ပတ်ရန် သင့်လျော်ပါတယ်၊ ဘီ ဆိုရင်တော့ အနည်းငယ်ပြုပြင်ရန် အချက်လေးတွေရှိတယ်၊ ခရိုက်တီးယားထဲမှာ အနည်းငယ်ပြုပြင်ပေးတယ်ဆိုရင် ဆက်လက်လည် ပတ်ခွင့်ရှိပါတယ်၊ စီ ကတော့ အချက် ၁၀ ချက်ရှိတဲ့အထဲမှာ ၅ ချက်အောက်ပဲ ပြည့်စုံအောင် စီစဉ်ထား တာဖြစ်တဲ့အတွက် စက်ရုံအနေနဲ့ကတော့ လတ်တလောအနေနဲ့ လည်ပတ်ရန်မသင့်သေးပါဘူး၊ ပြင်ဆင်စရာရှိတဲ့အချက်တွေကို ပြင်ဆင်ပြီးမှသာ စာပြန်တင်ပြီးတော့မှ လည်ပတ်ရမယ်ဆိုပြီး အကြံပြုချက်တွေနဲ့ စက်ရုံတွေကို ဆောင်ရွက်ပေးပါတယ် ”ဟု ပြည်ကြီး တံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာရန်ငြိမ်းခန့်အောင် ကပြောသည်။

 

ယခုလို စစ်ဆေးမှုဆောင်ရွက်ရာတွင် ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၊ စားသောက်ကုန်ထုတ်လုပ် ရေးစက်ရုံ၊ ကျန်းမာရေး လိုအပ်ချက်နှင့်ကိုက်ညီပြီး ဖွင့်လှစ်ရန်အသင့်ဖြစ်နေသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ တစ်ထောင်နှင့် အထက်ရှိ စက်ရုံအလုပ်ရုံ၊အလုပ်ဌာနများကို ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရုံ၊အလုပ်ရုံများတွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် ကာကွယ်ရေး နည်းလမ်းများ ဆောင်ရွက်ထားတာကို စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ ထောက်ခံချက်၊ အကြံပြုချက်အပေါ် မူတည်ကာ လုပ်ငန်းပြန်လည် လည်ပတ်စေခြင်း၊ ယာယီပိတ်သိမ်းခြင်းတို့ကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အလုပ်သမားတွေကလည်း တချို့အလုပ်လုပ်ချင်ကြတာတွေလည်းရှိတယ်၊ အဓိကကတော့ ကိုဗစ်-၁၉ ဆိုတာက ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်နေတယ်၊ မြန်မာနိုင်ငံမှာ ကူးစက်ရောဂါမပြန့်နှံ့ဖို့ထိန်း ချုပ်ဖို့လိုတဲ့ အခါကျတော့ စက်မှုဇုန်အနေနဲ့သော်လည်းကောင်း ပြည်သူလူထု အနေနဲ့သော် လည်းကောင်း အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာလျှင် ဒီရောဂါကပ်ကို ကာကွယ်တားဆီးနိုင်မှာ ဖြစ်တယ်၊ လောလောဆယ် အလုပ်လုပ်ချင်နေကြတယ်၊ အလုပ်လုပ်တဲ့နေရာမှာ ကူးစက်သွားရင် ထိန်းချုပ်ဖို့ခက်မယ်၊ နိုင်ငံတော်က ဒီရောဂါကို ထိန်းချုပ်နိုင်အောင်ဆောင်ရွက်နေ တာဖြစ်ပါတယ် ဟု မန္တလေးစက်မှုဇုန်စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လှကပြောသည်။

 

မန္တလေးစက်မှုဇုန်တွင် စက်ရုံ၊ အလုပ်ရုံဌာနပေါင်း ၁၂၀ဝ ကျော်ရှိပြီး သတ်မှတ်ကာလအတွင်း စစ်ဆေးပြီးစီးနိုင်ရေးအတွက် လိုအပ်ပါကအဖွဲ့ငယ်များထပ်မံဖွဲ့စည်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ သည်။

 

ဝတီ