မန္တလေး ၈ သြဂုတ်
မန္တလေးတိုင်း အတွင်းရှိ ဓာတ်သတ္တုအသေးစား ထုတ်လုပ်ခြင်း၊ လက်လုပ်လက်စား လုပ်ငန်းများ၊ လုပ်ကိုင်ရန် လျောက်ထားသူ ၂၅၅ ဦးရှိကြောင်း မန္တလေးတိုင်း သတ္တုတွင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးဆွေက ပြောသည်။
အဆိုပါ လက်လုပ်လက်စား လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ စာတိုက်၊ အမြန်ချောစာပို့တို့ဖြင့် လျှောက်ထားနိုင်ကြောင်း ကြေငြာခဲ့သည် ။
"ဒေသခံပြည်သူတွေ အလုပ်ကိုင် အခွင့်အလမ်း ရရှိဖို့၊ စားဝတ်နေရေး အဆင်ပြေဖို့အတွက် လုပ်ကိုင်ခွင့်ပေးဖို့ ခေါ်ယူခြင်းပါ။ နောက်ပြီး တရားမဝင် လုပ်ဆောင်နေတာတွေလည်း ပပြောက်စေရေးအတွက်ပေါ့။ တိုင်းဝန်ကြီးရုံးမှာပဲ လျှောက်ရမယ်။ ခုလောဆယ်တော့ ၂၅၅ ဦးလောက်ပဲ လျောက်သေးတယ် အဲ့ထဲမှာမှ အချက်အလက်တွေ ပြည့်စုံပြီလားမပြည့်စုံးလားဆိုတာကို အကုန်စိစစ်ပြီးမှ ချထားပေးသွားမှာပါ" ဟု ၎င်းက ပြောသည်။
အသေးစားလုပ်ကွက်အတွက် လျှောက်ယူသော ကုမ္ပဏီသည် မန္တလေးတိုင်းအတွင်း မှတ်ပုံတင်ထားသော အများပိုင် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး ဓာတ်သတ္တုအမျိုးအစား တစ်မျိုးအတွက် အသေးစားလုပ်ကွက် တစ်ခုသာ ရရှိမည်ဖြစ်သည်။
လက်လုပ်လက်စား လုပ်ကွက်များ လျှောက်ယူခြင်းအတွက် နိုင်ငံသား အိမ်ထောင်စု တစ်စုလျှင် လုပ်ကွက် ၁ ကွက်သာခွင့်ပြုမည်ဖြစ်ပြီး ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ လုပ်ကွက်လက်ဝယ်ရရှိပြီးသူများ လျှောက်ထားခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
ဓာတ်သတ္တုလုပ်ကွက်များအား စက်မှုတွင်းထွက်ကုန်းကြမ်း၊ ရိုးရိုးသတ္တုနှင့် အထူးသတ္တုဟု၍ လုပ်ငန်းအမျိုးအစားခွဲခြားကာ ခွင့်ပြုပေးမည်ဖြစ်ပြီး အသေးစားလုပ်ငန်းများ လျှောက်ယူခြင်းအတွက် စက်မှုတွင်းထွက်ကုန်းကြမ်းလျှင် ဧက ၂၀၊ ရိုးရိုးသထ္ထုလျှင် ၁၀ ဧက နှင့် အထူးသတ္တု ရွှေဖြစ်လျှင် ၄ ဧက ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ လက်လုပ်လက်စား လုပ်ငန်းများအတွက် စက်မှုတွင်းထွက်ကုန်းကြမ်းလျှင် ၅ ဧက ၊ ရိုးရိုးသတ္တုလျှင် ၃ ဧကနှင့် အထူးသတ္တုရွှေလျှင် တစ်ဧက ခွင့်ပြုပေးမည်ဖြစ်သည်။
မန္တလေးတိုင်းအတွင်း ဓာတ်သတ္တုအမျိုးအစားပေါင်း ၁၂ မျိုးရှိပြီး အသေးစားလုပ်ငန်း လျှောက်ယူခြင်းအတွက် ခွင့်ပြုမိန့်သက်တမ်း ငါးနှစ်၊ လက်လုပ်လက်စား လျှောက်ယူခြင်းအတွက် ခွင့်ပြုမိန့်သက်တမ်း တစ်နှစ်နှင့် ဆင့်တက်ပြုပြင်ခြင်းလုပ်ငန်းများအတွက် သုံးနှစ် လိုင်စင်ပေးမည် ဖြစ်သည်။
သူရိန်လင်း


