မန္တလေး ၁၈ မေ

 

မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ယာယီပိတ်ထားခဲ့သည့် ဈေးချိုတော်၊ မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးများအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရှင်းလင်းပြင်ဆင်ထားရှိမှု အခြေအနေများအား မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်မှ မေ ၁၈ ရက် ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်မှ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ ဌာနမှူးများနှင့်အတူ ရတနာပုံဈေး၊ ဈေးချိုတော်နှင့် မန်းမြန်မာပလာဇာ အဆောက်အအုံအတွင်း၌ ဖွင့်လှစ်ကြမည့် ဈေးဆိုင်ခန်းများအတွက် လေဝင်လေထွက်ကောင်းမွန်စွာ ရှင်းလင်းထားရှိမှုနှင့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဈေးအကျိုးတော်ဆောင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

 

ထို့နောက် မန္တလေးမြို့တော်ဝန်သည် ဈေးချိုအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ပလက်ဖောင်းနှင့် ရေမြောင်းများ တည်ဆောက်ခြင်း၊ သန့်စင်ခန်းများ ဆောက်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့တော်ဝန်မှ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဈေးချိုတော်၊ မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေး အဆောက်အအုံများအတွင်းရှိ  ဈေးဆိုင်ခန်းများအား လေဝင်လေထွက်ကောင်းမွန်၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မေ ၁၆ ရက်မှစ၍ ဈေးအသီးသီးရှိ အကျိုးတော်ဆောင်များ၊ ဈေးသူဈေးသားများနှင့် ဈေးဌာနဝန်ထမ်းများ ပူးပေါင်းကာ လျှောက်လမ်းများ ကျယ်ပြန့်စေရန်နှင့် အဆောက်အအုံအတွင်း အလင်းရောင် လုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ခြင်းများအပြင် သတ်မှတ်ဧရိယာထက် ကျူးကျော်၍ ခင်းကျင်းထားသော ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါဈေးများအား ကျန်းမာရေးနှင့်အညီ ရှင်းလင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ပြီးစီးပါက သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်‌ ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)