မန္တလေးကာတွန်းလောကနှင့် မောင်မိုးသူ

၁၃  သြဂုတ်

မောင်မိုးသူနှင့်ခေတ်ပြိုင် ပန်းချီနှင့်ကာတွန်းဆရာ နှစ်ဦးဖြစ်သော ပေါ်ဦးသက်နှင့် ဝင်းဖေတို့နှစ်ယောက်မှာ မောင်မိုးသူနှင့် အလွန်ရင်းနှီးကြသူများဖြစ်ပါတယ်။ ပေါ်ဦးသက်နှင့် ဝင်းဖေတို့နှစ်ယောက်မှာ မန္တလေးက ပန်းချီဆရာကြီး ဘကြီးသက်၏ တပည့်အရင်းနှစ်ဦး ဖြစ်ပါတယ်။ ဘကြီးသက်ဟာ ဆရာမြို့မငြိမ်းအိမ်ရှေ့က ရှေ့တော်ပြေးဝင်းမှာ နေထိုင်သူဖြစ်ပါတယ်။ ရှေ့တော်ပြေးဝင်းမှာ နာမည်ကျော်ရွာစားကြီး စိန်ဗေဒါနေထိုင်ခဲ့တဲ့ ဝင်းဖြစ်ပါသည်။ ဘကြီးသက်ထံ ပန်းချီအတတ်သင်သင်ကြားစဉ်က ဆရာငြိမ်းသား ကိုမောင်မောင်၊ ဝင်းဖေ၊ ပေါ်ဦးသက်တို့ သုံးယောက်အတူ သင်ကြတယ်လို့ ကြားဖူးပါတယ်။ ကိ်ုမောင်မောင်က အသက်အကြီးဆုံးဖြစ်ပြီး ပန်းချီပညာလည်း ပိုတော်သည်ဟု ကြားဖူးပါတယ်။ သို့သော် ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားရှာ ပြီဖြစ်ပါတယ်။

အရူးအမူးဝယ်ယူဖတ်ကြသူများ

ပေါ်ဦးသက်နှင့် ဝင်းဖေတို့မှာ မောင်မိုးသူနှင့် ခေတ်ပြိုင်သူငယ်ချင်းများဖြစ်ကြပြီး သူတို့နှစ်ယောက်စလုံးနှင့် မောင်မိုးသူတို့ သုံးယောက်ပေါင်းပြီး အဲဒီခေတ်က ထုတ်ဝေသော mad မဂ္ဂဇင်းနှင့် ၎င်း mad မဂ္ဂဇင်းမှာ တစ်ကျပ်တန်လုံးချင်းကာတွန်းများ ထုတ်ဝေလေ့ရှိပါတယ်။ ပေါ်ဦးသက်၊ ဝင်းဖေနှင့် မောင်မိုးသူတို့သုံးယောက်စလုံးမှာ mad မဂ္ဂဇင်းနှင့် mad လုံးချင်းဝတ္ထုများကို အရူးအမူးဝယ်ယူဖတ်ကြသူများ ဖြစ်ပါတယ်။ mad မဂ္ဂဇင်းမှာ နာမည်အကြီးဆုံး ကာတွန်းဆရာမှာ ဒေါ်မာတင်ဖြစ်ပါတယ်။ ဒေါ်မာတင်၏ သရော်ချက်ကာတွန်းများမှာ အလွန်ပဲ ပြောင်မြောက်လေ့ ရှိပါတယ်။ ဥပမာတစ်ခု ပြပါရစေ။ မဂ္ဂဇင်းမှာ ကာတွန်းဇာတ်လမ်း ပထမအကွက်တွင် ရော်ဘင်ဟုရဲ့ ဘက်တော်သားတစ်ဦး ကြိုးပေးခံရမည့်ဆဲဆဲ လည်ပင်းကြိုးတပ်ထားချိန်ထိုရော်ဘင်ဟုရဲ့ ဘက်တော်သားတစ်ဦးက ဘာမျှမပူပါနဲ့ ကျုပ်ဆရာ ရော်ဘင်ဟုက ဒီအချိန်မှာဆိုရင် အပြင်မှာ ရောက်နေလောက်ပါပြီ။ သူက ကျုပ်လည်ပင်းမှာ တပ်ထားတဲ့ကြိုးကို ပစ်ချပြီး ကျုပ်ကို ကယ်မယ့်လူဟုပြောပါတယ်။

အလွန်ပြောင်မြောက်စွာ ရေးဆွဲ

ဒုတိယအကွက်တွင် တကယ်လည်း ရော်ဘင်ဟုနှင့် သူ့ရဲ့လက်ရုံး မြားဆရာ လစ်တစ်ဂျွန်တို့ ကြိုးစင်နှင့်မလှမ်းမကမ်းတွင် ရောက်ရှိနေသည်ကို ပြပါတယ်။ အဲဒီမှာတင် ရော်ဘင်ဟုနှင့် လစ်တစ်ဂျွန်တို့နှစ်ယောက်အနက် လစ်တစ်ဂျွန်အား ကြိုးစင်မှ ရော်ဘင့်တပည့်ကို ကယ်တင်ရန်မြားနှင့် ပစ်ခိုင်းလိုက်ပါတယ်။ လစ်တစ်ဂျွန်ပစ်လိုက်သည့်မြားမှာ ကြိုးသမား၏ လည်ပင်းမှကြိုးကို ထိမှန်ခြင်းမရှိဘဲ ကြိုးစင်မှ သစ်သားတိုင်ကိုသာ ထိမှန်သွားပါတယ်။ ထိုကဲ့သို့ လွဲချော်သွားသည့်အတွက် ရော်ဘင်ဟုက မကျေမနပ်နှင့် လစ်တစ်ဂျွန်ကို ဘေးဖယ်စေပြီး သူကိုယ်တိုင် ပစ်ပြလိုက်ပါတယ်။ သူပစ်လိုက်တဲ့မြားချက်ကိုမပြမီ အားလုံးက လက်ခုပ်ဩဘာတီးကြပါတယ်။ ရော်ဘင်ဟု ပစ်လိုက်တဲ့မြားချက်ဟာ ကြိုးသမား၏ လည်ပင်းမှာ စွပ်ထားသောကြိုးကို ထိမှန်ခြင်းမရှိဘဲ တပည့်ဖြစ်သူမှာ ကြိုးတန်းလန်းနှင့် သေဆုံးနေတာကိုပြပြီး ရော်ဘင်ဟု၏ မြားချက်ဟာ အလွန်ကျော်ကြားသော သူ၏မြားချက်ဖြစ်သည့် လစ်တစ်ဂျွန် ပစ်ထားသော တိုင်မှာစိုက်နေသည့်မြားကို ထက်ခြမ်းခွဲ၍ ထိမှန်သွား ခြင်းဖြစ်ပါတယ်။ ဒေါ်မာတင်၏ သရော်ချက်မှာ ဤကဲ့သို့ပြောင်မြောက်လှပါတယ်။

mad မဂ္ဂဇင်းတွင် စပိုင်အဖြူနှင့် အမည်းတို့၏ အစွမ်းပြိုင်ပွဲများ အမြဲပါလေ့ရှိပါတယ်။ စပိုင်အမည်းက စပိုင်အဖြူကို မည်ကဲ့သို့ ဒုက္ခပေးလိုက်မည်ဟု စဉ်းစားနေခြင်းကိုပြပြီး နောက်တစ်ကွက်တွင် စပိုင်အဖြူက စပိုင်အမည်း၏ စိတ်ကူးအကြံအစည်ကိုသိနေပြီး ကာကွယ်ပြီးသားဖြစ်နေသည့်ပြကွက် ဖြစ်ပါတယ်။ ဤသို့ဖြင့် စပိုင်အမည်းနှင့် စပိုင်အဖြူတို့ တစ်ဦးနှင့်တစ်ဦး ချောက်ချသည့်စိတ်ကူးများကို ဖော်ဆောင်ပြသပြီး တကယ်လက်တွေ့တွင်တစ်ဖက်လူက တစ်ယောက်လူ၏ တွေးခေါ်ကြံစည်ချက်ထက်သာလွန်သော အတွေးအခေါ် ပြကွက်ဖြစ်ပါတယ်။ ထိုနည်းတူ mad မဂ္ဂဇင်းတွင် ထိုအချိန်က အမေရိကန်နိုင်ငံ၏ သမ္မတဖြစ်သူ ဂျွန်ကနေဒီ၊ သူ၏ဇနီး ဂျက်ကလင်းနှင့် သမီးငယ်တို့ပုံများကို ကာရီကေးချားပုံများအဖြစ် အလွန်ပြောင်မြောက်စွာ ရေးဆွဲလေ့ရှိသူဖြစ်ပါတယ်။

နာမည်ပြောင်ရေးဆွဲ

ထိုကဲ့သို့သော mad ကာတွန်းများကို အလွန်နှစ်ခြိုက်သဘောကျကြပြီး သုံးဦးအနက် ဝင်းဖေ၏ ညီဖြစ်သူ မောင်တင်ဝင်းက ဂလိဆိုသည့် မဂ္ဂဇင်းထုတ်ဝေ ပါတယ်။ ၎င်းမဂ္ဂဇင်းတွင် ပေါ်ဦးနှင့် ဝင်းဖေတို့က ပင်တိုင်ရေးကြပြီး မောင်တင်ဝင်း၏ ဂလိမဂ္ဂဇင်းမှာ အုပ်ရေ ၂၀ ခန့်သာ ထုတ်ဝေဖြစ်ခဲ့သည်ဟု မှတ်မိနေပါတယ်။ ဂလိမဂ္ဂဇင်းထဲတွင် ပေါ်ဦးသက်ရေးခဲ့သည့်ဇာတ်လမ်းမှာ ထိုခေတ်ထိုအခါက ဆရာကြီး မြစကြာ၏ ဆရာမြဲ ဆရာပဲနှင့် တပည့်ဖြစ်သူ မောင်အေးတို့ကိုသရော်လှောင်ပြောင်သည့် ဇာတ်လမ်းများ ရေးခဲ့ပါတယ်။ ဆရာမြဲ၏ နာမည်ကို ပေါ်ဦးသက်က ဆရာလွဲဟုရေးသားခဲ့ပြီး တပည့်ဖြစ်သူ မောင်အေး၏ နာမည်ကိုမောင်ပြေးဟု နာမည်ပြောင်ရေးဆွဲပါတယ်။ ပြကွက်တစ်ခုမှာ ဆရာလွဲနှင့်မောင်ပြေးတို့ စုန်းမကြီးတစ်ဦးထံဟင်းနှင့် ပေါက်လိုက်ရာ စုန်းမကြီးက ဘာမျှမဖြစ်၊ ထိုစဉ်ကြောက်ရွံ့နေပြီဖြစ်သော မောင်ပြေးက ပြေးဖို့ကြံစည်နေပြီး ဆရာလွဲက နောက်ထပ်တစ်စုံတစ်ရာနှင့် ပေါက်လိုက်ရာ ပြင်းထန်သော ပေါက်ကွဲမှုကြီးဖြစ်သွားပြီး စုန်းမကြီးပျောက်သွားပါတယ်။ ထိုအခါမှ မောင်ပြေးက ဆရာကြီးပစ်လိုက်တာ တယ်စွမ်းပါလား ဘာနဲ့များ ပစ်လိုက်တာလဲဟု ပြောလိုက်ရာ ဆရာလွဲက ပြင်းမှာပေါ့ အဲဒါကလက်ပစ်ဗုံးကွဟု ပြောလိုက်ပါတော့တယ်။ ထိုကဲ့သို့ သရော်လှောင်ပြောင်ချက်များနှင့် ဂလိမဂ္ဂဇင်းသည် ထွက်ခဲ့ပါတယ်။

တာဝန်ပေးလုပ်ကိုင်

သို့သော် ကြာမြင့်စွာ မထွက်ခဲ့ရပါ။ မောင်တင်ဝင်း ကွယ်လွန်သွားပြီးနောက် ဂလိလည်း ရပ်ဆိုင်းသွားပါတော့တယ်။ မောင်မိုးသူတို့ခေတ်တွင် မန္တလေးမြို့ လူထုသတင်းစာ၊ ဗဟိုစည်သတင်းစာ၊ မြန်မာ့လမ်းစဉ်သတင်းစာနှင့် မန်းခေတ်သတင်းစာတို့ရှိပါတယ်။ မန်းခေတ်သတင်းစာမှာ ရန်ကုန်ဗမာ့ခေတ်သတင်းစာ၏ တိုက်ခွဲဖြစ်ပါတယ်။ ၎င်းမန်းခေတ်သတင်းစာကို အယ်ဒီတာအဖြစ် ရန်ကုန်မှ ကိုစိန်ခင်မောင်ရီ ကိုင်ပါတယ်။ စိန်ခင်မောင်ရီက ခဏမျှသာကိုင်ပြီး ရန်ကုန်ပြန်သွားသောအခါ ကိုတင်ထွေးကို ထားခဲ့ပါတယ်။ ကိုတင်ထွေးကလည်း မကြာမီတွင် ရန်ကုန်ပြန်သွားသည့်အခါ မန်းခေတ်သတင်းစာတွင် အယ်ဒီတာအဖြစ် ကိုသာနိုးကို ခေါ်ယူခန့်အပ်ပါတယ်။ ထိုစဉ်က ကိုသာနိုးဟာ အသက်မွေးဝမ်းကျောင်းအတွက် ကျူရှင်များ အချိန်ပြည့်ပြသနေရသူဖြစ်ပါတယ်။ သူမအားလပ်သည့်အတွက် တက္ကသိုလ်နှစ်လယ်မဂ္ဂဇင်းတွင် မောင်သာနိုးက အင်္ဂလိပ်စာတည်း၊ မောင်မိုးသူက မြန်မာစာတည်းအဖြစ် လုပ်ကိုင်ပေးနေသည်ကို အကြောင်းပြု၍ မန်းခေတ်သတင်းစာတွင် ညအယ်ဒီတာအဖြစ် မောင်မိုးသူအား တာဝန်ပေးလုပ်ကိုင်စေပါတယ်။ မောင်မိုးသူတစ်ယောက် သတင်းစာတစ်စောင်လုံးကို နေ့ခင်းတွင် နယ်အရပ်ရပ်မှပို့သည့် သတင်းများကိုတည်းဖြတ်ဖော်ပြရပြီး မျက်နှာဖုံးနှင့် အလယ်ဖောင်နိုင်ငံရေးသတင်းများကို မန်းခေတ်သတင်းထောက် ကိုအောင်ကျော်က ရေးသားပါတယ်။

ပြန်ဆိုရေးသား

မောင်မိုးသူက တည်းဖြတ်ဖော်ပြရုံသာဖြစ်ပါတယ်။ မန်းခေတ်သတင်းစာတိုက်တွင် လူထုသတင်းစာတိုက်ကဲ့သို့ နိုင်ငံခြားသတင်း အဆက်အသွယ်လည်း မရှိပါ။ ထို့ကြောင့် မောင်မိုးသူတစ်ယောက် ဘီဘီစီ အင်္ဂလိပ်ပိုင်း အစီအစဉ်မှ ကမ္ဘာ့သတင်းများကို တစ်နာရီတစ်ကြိမ် ကြေညာသူများကို လိုက်လံမှတ်သား နားထောင်၍ ပြန်လည်ရေးသားရတာ ဖြစ်ပါတယ်။ တကယ်တော့မောင်မိုးသူက လက်ရေးတိုလည်း မတတ်ပါ။ သို့သော်ဘီဘီစီ၏ ကမ္ဘာ့သတင်းများ တစ်နာရီ တစ်ကြိမ်ထပ်ကာထပ်ကာ ကြေညာနေသူများဖြစ်၍ အင်္ဂလိပ်လိုကြေညာထားသူများကို မှတ်သားပြီး မောင်မိုးသူ တစ်ယောက်မြန်မာသတင်းအဖြစ် ပြန်ဆိုရေးသားရခြင်း ဖြစ်ပါတယ်။ နားထောင်နေကျ၊ လုပ်နေကျဖြစ်သွား သည့်အခါတွင် သတင်းအဆက်အစပ်များကိုလည်း နားလည်သဘောပေါက်ပြီး ပြန်ဆိုရေးသားရာတွင် အခက်အခဲမရှိပါ။

ရေးသားခဲ့မိ

ဤသို့ဖြင့် မောင်မိုးသူတစ်ယောက် နေ့ခင်းနေ့လယ်အိပ်ရာ နိုးသည့်အခါမှစ၍ သတင်းစာတိုက်ကိုလာ နယ်သတင်းများကိုဖတ်ပြီး ဖောင်ဖွဲ့၊ နိုင်ငံခြားသတင်းများကို ဘာသာပြန်ဖော်ပြ၊ ထူးခြားသည့် ပြည်တွင်းနိုင်ငံရေး သတင်းများကို မျက်နှာဖုံးအလယ်ကောင်များတွင် ဖော်ပြရေးသားရပါတယ်။ ဤသို့အားဖြင့် ရေထဲကို ကန်ချခံရပြီး ရေကူးတတ်ရသလို သတင်းစာဆရာအလုပ်ကို မလွှဲမရှောင်သာဘဲ မောင်မိုးသူ ရိပ်ဖမ်းသံဖမ်း သိနားလည် တတ်ကျွမ်းခဲ့ရပါတယ်။ အဲဒီအချိန်တွင် တခြားသတင်းစာများက ကာတွန်းများဖော်ပြနေချိန်တွင် မန်းခေတ်သတင်း စာတိုက်တွင် ကာတွန်းဆရာမရှိ၍ ကာတွန်းလည်း မဖော်ပြနိုင်ခဲ့ပါ။ မောင်မိုးသူကိုယ်တိုင်ကလည်း ပန်းချီဝေဖန်ရေး ဆောင်းပါးများ ရေးသားခဲ့ပါတယ်။

သရုပ်ဖော်ရေးဆွဲ

မန်းခေတ်သတင်းစာတိုက် ရပ်နားသွားချိန်မန္တလေး အေလမ်းမှ ယုဝပုံနှိပ်တိုက်ပိုင်ရှင် ဦးလေးကိုနှင့် မိတ်ဆွေတစ်ဦးက ဂျာနယ်တစ်စောင် ထုတ်ဝေရန်စီစဉ်သည့်အတွက် မောင်သာနိုးနှင့် မောင်မိုးသူတို့ကို အယ်ဒီတာအဖြစ် ခန့်အပ်လုပ်ကိုင်စေပါတယ်။ ခေတ်ဂျာနယ်သည် တစ်ပတ်တစ်ကြိမ်ထုတ်ဂျာနယ်ဖြစ်ပြီး ပထမဆုံးဂျာနယ်မှာ ဟီရိုရှီးမားနေ့ အထိမ်းအမှတ်အဖြစ် စတင်ထုတ်ဝေခဲ့ပါတယ်။ ခေတ်ဂျာနယ်တိုက်၏ ပင်တိုင်ပန်းချီဆရာ ကာတွန်းဆရာမှာ ဝင်းဖေ ဖြစ်ပါတယ်။ ဝင်းဖေ၏ ခေတ်ဂျာနယ်ကြော်ငြာပိုစတာကို နောက်ကျောပေး မျက်နှာတစ်ခြမ်းလှည့်ထားသည့် ကြောင်ရုပ်အမည်းကြီးပုံကို ရေးဆွဲပြီး ကြောင်မနေနဲ့ ခေတ်ဂျာနယ်ဖတ်ဟု ပိုစတာရေးဆွဲခဲ့ရာ အလွန်ပဲ အောင်မြင်ထင်ရှားထိရောက်ခဲ့ပါတယ်။ ပထမဆုံး ထုတ်ဝေသည့် ခေတ်ဂျာနယ်မျက်နှာဖုံးကိုလည်း ကမ္ဘာ့ခေါင်းဆောင် အသီးသီးတို့၏ ကာရီကေးချားရုပ်ပုံများအဖြစ် ရေးဆွဲပေးခဲ့ပါတယ်။ တစ်ချိန်တည်းတွင် ခေတ်ဂျာနယ်၌ မောင်သာနိုးက တော်စတွိုင်း၏ ဝတ္ထုတစ်ပုဒ်ကိုရုပ်ပြဇာတ်လမ်းရေးပေးခဲ့ရာ ဝင်းဖေက သရုပ်ဖော်ရေးဆွဲပေးခဲ့ပါတယ်

ဝင်ရေး ဝင်ဖတ်ပြုလုပ်

ခေတ်ဂျာနယ်မှာ တစ်ပတ်တစ်ကြိမ် ထုတ်ဝေသည့်စာစောင်ဖြစ်ပြီး အယ်ဒီတာအဖြစ်လုပ်ဆောင်ရသည့်မောင်သာနိုးနှင့် မောင်မိုးသူတို့မှာ အယ်ဒီတာ နာမည်ခံဝံ့သူများ မဟုတ်ပါ။ ခေတ်ဂျာနယ်တိုက်၏ ဖိုမင်ဖြစ်သော မောင်ကျော်ညွန့်ကသာ ထုတ်ဝေသူအဖြစ်မှတ်ပုံတင်ရပါတယ်။ မန်းခေတ်သတင်းစာတိုက်မှာ သတင်းထောက် ကိုအောင်ကျော်တို့၏ နိုင်ငံရေးသတင်းများကို မျက်နှာဖုံးအဖြစ်ဖော်ပြခဲ့ပြီး နိုင်ငံတကာသတင်းများကို အလယ်ဖောင်အဖြစ် မောင်မိုးသူက ရေးသားပါတယ်။ အပေါင်းအသင်း မိတ်ဆွေများအားလုံးကလည်း ဝိုင်းဝန်းရေးသားကြပါတယ်။ မောင်နေဦး တစ်ယောက်လည်း တိုက်တွင်လာရောက်ပြီး ကူညီထိုင်ပါတယ်။ ကဗျာဆရာတင်မိုးတို့၊ ကြည်အောင်တို့လည်း ကဗျာတွေဝင်ရေး ဝင်ဖတ်ပြုလုပ်ကြပါတယ်။

ထင်ရှားကျော်ကြား

ခေတ်ဂျာနယ်တွင် မောင်စိန်မြင့်၏ ခွပ်ဒေါင်းအကျဉ်းသားစာမူ စတင်ပါဝင်ခဲ့ပါတယ်။ ခေတ်ဂျာနယ်တွင် ထင်ရှားသော ဆောင်းပါးများမှာ လယ်ဇင်ဘလင်း၏ ပေးစာဖြစ်ပါတယ်။ သတ်ပုံတွင် ရေးကြီးခွင်ကျယ်လောဟု အစရှိသည့် စူးရှရှဆောင်းပါးများ ပါဝင်ခဲ့သည့်အပြင် နိုင်ငံရေးအရလည်း ပြင်းထန်သော ဝေဖန်မှုများကို ရေးသားဖော်ပြခဲ့ပါတယ်။ ခေတ်ဂျာနယ်သည် ၂၄ ပတ်မျှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ခေတ်ဂျာနယ် ၁၃ ပတ်၊ ၁၄ ပတ်မြောက်တွင် မောင်သာနိုးအား ဖမ်းဆီးထိန်းသိမ်း ခြင်းခံရပါတယ်။ ခေတ်ဂျာနယ်သည် ၂၄ ပတ် အရောက်တွင် မှတ်ပုံတင်ရုပ်သိမ်းခံရပြီး ဂျာနယ်လည်း ရပ်ဆိုင်းသွားပါတော့တယ်။ ထိုသောအခါမှ ပင်တိုင်ပန်းချီကာတွန်းဆရာဝင်းဖေသည် လူထုတိုက်တွင် ရောက်ရှိနေသော သူငယ်ချင်း ပေါ်ဦးသက်နှင့် ပေါင်းစည်းမိသွားပြီး လူထုတိုက်တွင် ပေါ်ဦး၊ ဝင်းဖေတို့၏ ကာတွန်းများဖြင့် ထင်ရှားကျော်ကြားလာပါတော့တယ်။ ။

မောင်မိုးသူ