မန္တလေးကျောက်စိမ်းဒိုင်သို့ ဝင်ရောက်သည့်ကျောက်များ အရည်အသွေးလိုအပ်ချက်များကြောင့် အရောင်းအဝယ်အဖြစ်နည်း

မန္တလေး ၁၈ ဒီဇင်ဘာ

မြန်မာနိုင်ငံတွင် ကျောက်စိမ်း ကျောက်မျက် အဓိကရောင်းဝယ်ကြရာ နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မန္တလေးကျောက်ဝိုင်းတွင် တစ်နှစ်ထက်တစ်နှစ် အရောင်အဝယ်နည်းလာပြီး အခြားသောလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်လာသူ တဖြည်းဖြည်းများလာကြောင်း သိရသည်။

 

sh400

 

မန္တလေးမြို့တွင် ကျောက်စိမ်းဆယ်စုနှစ် နှစ်ခုကျော်မတိုင်မီကပင် အရောင်းအဝယ် စတင်ပြုလုပ်ခဲ့ကြပြီး ဆယ်စုနှစ် နှစ်ခုကျော် အရောင်းအဝယ် ကောင်းမွန်ကာ အကျိုးအမြတ်လည်း များခဲ့သောလုပ်ငန်းဖြစ်သည်။ ထိုက်သင့်သည့် အရင်းအနှီးရှိရုံနှင့် ဝင်ရောက်လုပ်ကိုင်နိုင်၍ ဝင်ရောက်ရောင်းဝယ်သူများပြားပြီး အရေအတွက်အားဖြင့် မနည်းလှသော ကျောက်သမား လူတန်းစားတစ်ရပ် အခိုင်အမာ ပေါ်ထွက်ခဲ့သည်။

ယင်းသို့ ရောင်းဝယ်သူအရေအတွက် များပြားလာရာ ရောင်းဝယ်ရာတွင် စနစ်တကျရှိစေရန်နှင့် နိုင်ငံတော်အတွက် အခွန်အခရရှိစေရန် ကျောက်စိမ်း ကျောက်မျက်ဈေးကြီးအဖြစ် ရောင်းချနိုင်သည်အထိ ကျောက်စိမ်း အရောင်းအဝယ် ကောင်းခဲ့သည်။ မန္တလေးကျောက်စိမ်းဈေးမှာ ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသမှ ကုန်သည်များ လာရောက်ရောင်းချခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ ကုန်သည်များနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ကုန်သည်များက ဝယ်ယူကြခြင်းဖြစ်သည်။

ကျောက်ဝိုင်းမှာ အရောင်းအဝယ် နည်းလာတာက ရောင်းသူနဲ့ဝယ်သူ တိုက်ရိုက်ချိတ်ဆက် ရောင်းဝယ်ခြင်း၊ အရောင်းအဝယ်လုပ်ရန် အရင်းအနှီးများလာခြင်း၊ အရည်အသွေးမြင့် ကျောက်ကောင်းများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာခြင်းများကြောင့်ဖြစ်ကြောင်း ကျောက်သမားတစ်ဦးက သုံးသပ်သည်။ ကုန်သည်တွေ ကျောက်ဝိုင်းမှာ တွေ့နေရသော်လည်း အရောင်းအဝယ် အခြေအနေ၊ ပစ္စည်းဝင်ရောက်မှု အခြေအနေများကိုသာ လာရောက်စုံစမ်းသည့် ကုန်သည်များသာ များပြားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"အခုကာလမှာ ယန္တရားအင်အား အမြောက်အများနဲ့ တူဖော်နေကြတာကြောင့် ကျောက်ထွက်ကတော့ နည်းသွားစရာ အကြောင်းမရှိပါဘူး။ ကုမ္ပဏီကြီးတွေက တိုက်ရိုက်ရောင်းချနေတာ၊ ကျောက်မျက်ပြပွဲတွေက တိုက်ရိုက်ရောင်းချနေကြတာကြောင့် ကျောက်ဝိုင်းကို ကျောက်အဝင်နည်းနေတယ်။ ရေမဆေးကျောက်ရှာတဲ့ သူတွေဆီကရတဲ့ကျောက်နဲ့ တစ်ပိုင်တစ်နိုင် လုပ်ကြတဲ့ လုပ်ကွက်ငယ်တွေဆီက ကျောက်လောက်ဘဲ အဝင်ရှိတယ်။ ဝင်လာတဲ့ ကျောက်အများစုမှာလည်း အရည်အသွေးပိုင်းမှာ လိုအပ်ချက်တွေ ပါနေတာကြောင့် အရောင်းအဝယ် အဖြစ်နည်းပါတယ်" ဟု မန္တလေးကျောက်ဝိုင်းတွင် ကျောက်အရောင်းအဝယ်လုပ်သူ ကိုလှမိုးက ပြောသည်။

ကျောက်စိမ်း အရည်ကျောက်မှာ မြန်မာတစ်နိုင်ငံထဲမှ ထွက်ရှိပြီး ထွက်ရှိသောကျောက်များ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြခြင်း ဖြစ်သည်။

အေးမြ(မန္တလေး)