မန္တလေး ၂၁ ဇန်နဝါရီ
မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်နှင့် iSchool- Myanmar တို့ ပူးပေါင်းဖွင့်လှစ်သော မသန်စွမ်းသူများအတွက် “မတူကွဲပြားမှုများကို လက်ခံ၍ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်း’’ ခေါင်းစဉ်ဖြင့် သင်တန်း ဖွင့်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန တွင် ယနေ့ နံနက် ၉ နာရီ ခွဲ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် iSchool- Myanmar မှ စီမံကိန်းမန်နေဂျာ ဦးရဲဝင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို မန္တလေးမြို့နှင့်စဉ့်ကိုင်မြို့တို့မှ သင်တန်းသား/သင်တန်းသူ ၃၀ ဖြင့် ဇန်နဝါရီ ၂၁ ရက် မှ ၂၄ ရက်ထိ လေးရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် မတူကွဲပြားသည့်ဗဟု ယဉ်ကျေးမှု (မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ ကျား/မ တန်းတူရေးဆိုင်ရာ အခွင့်အရေးများနှင့် အခြားယဉ်ကျေးမှုများ)၊ Engage Buddhism ၊ မြန်မာ့သမိုင်းနှင့်ပြည်ထောင်စုသဘောတရား၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းကို လက်ရှိတည်ဆောက်နေခြင်းများ အစရှိသော ဘာသာရပ်များအား ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း iSchool- Myanmar မှ စီမံကိန်းမန်နေဂျာ ဦးရဲဝင်း က ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)