မန္တလေး စက်တင်ဘာ  ၂၄

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှငလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းကျင်းပသော ပန်းခင်းစီမံချက်အကြောင်းအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲ(Talk Show)တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးလဒ်ထွဋ် နှင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်း တို့က ပန်းခင်း စီမံချက်အကြောင်း သိကောင်းစရာများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အထောက်အထားများဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း(မူရင်းနှင့်မိတ္တူ)၊ မိဘဘိုးဘွားနှင့် ကာယကံရှင်မွေးချင်းများ ကိုင်ဆောင်လက်မှတ် (မိတ္တူ/မူရင်း)၊ အသက် အထောက်အထားအတွက် မွေးစာရင်း (သို့) ကျောင်းထောက်ခံချက် (သို့) ကျောင်းသားကတ် (မူရင်း/မိတ္တူ)၊ ရပ်ကွက်/ကျေးရွာအတွင်း နေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ (၀.၈×၀.၈) အရွယ် အဖြူအမည်း ဓာတ်ပုံ(၄)ပုံ၊ သွေးအမျိုးအစား စစ်ဆေးချက်(မူရင်း) တို့ ပါရှိရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးလဒ်ထွဋ် ပြောကြားသည်။

ပန်းခင်းစီမံချက်သည် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ အထိ ဆောင်ရွက်သွားမည့်စီမံချက် ဖြစ်ကြောင်းသိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)