မန္တလေး၊ ၁၅ ဒီဇင်ဘာ

Covid-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မန္တလေးခရိုင် ၇ မြို့နယ်အတွင်း အသွားအလာများ ကန့်သတ်နေထိုင်ရန် Semi Lockdown ကာလကို ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသည့်အတွက် ဒဏ်ရိုက်အရေးယူမှုအနေဖြင့် ၉ ရက်အတွင်း လူဦးရေ ၁၁၀၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးခရိုင်တွင် ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ အသွားအလာများ ကန့်သတ်နေထိုင်ရန် တားမြစ်အမိန့်များ ထုတ်ပြန်ထားကြောင်း၊ ထိုတားမြစ်မိန့်ကို လိုက်နာခြင်း ရှိ၊ မရှိသိရှိစေရန် မန္တလေးမြို့တွင်းရှိ လမ်းဆုံလမ်းမများတွင် ဌာနပေါင်းစုံပါဝင်သည့် အဖွဲ့များမှစစ်ဆေးကာ မြို့နယ်ကျော်သွားလာခြင်း၊ ဈေးဝယ်ကတ်ကို အသုံးပြု၍ နေ့လယ် ၁၂ နာရီနောက်ပိုင်း အပြင်ထွက်သွားလာခြင်းများ စစ်ဆေးတွေ့ရှိပါက တစ်ဦးလျှင်ငွေကျပ် ၅၀၀၀ ဒဏ်ရိုက်အရေးယူလျက်ရှိရာ ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဒဏ်ရိုက်အရေးယူခဲ့သည့် လူဦးရေမှာ ၁၁၀၀၈ ဦးရှိကြောင်း သိရသည်။

“ဒဏ်ရိုက်လို့ရရှိတဲ့ ငွေတွေကိုတော့ ကိုဗစ်ရန်ပုံငွေထဲမှာ ထည့်ထားပါတယ်။ လက်ရှိမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က စင်တာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ လိုအပ်တဲ့နေရာတွေကို လိုအပ်သလိုစီမံခန့်ခွဲပေးပါတယ်။ ရောဂါတွေ့ရှိမှုတွေက များလာပါတယ်။ တစ်ရက်ကို ဦးရေ ၂၀၀ ကျော်လောက် တွေ့ရှိနေပါတယ်။ မြို့နယ်အတွင်းမှာ ဈေးထွက်ဝယ်မယ်ဆိုရင် ဈေးဝယ်ခွင့်ကတ် ထုတ်ပေးထားပါတယ်။ အစားအသောက်တို့၊ ကုန်ပစ္စည်းတို့နဲ့ ရေသန့်ပို့တဲ့ လုပ်ငန်းတွေကိုတော့ နယ်ကျော်ခွင့်ကတ်တွေ မြို့နယ်က ထုတ်ပေးထားပါတယ်။ ခရိုင်တွင်းမှာ ရောဂါပိုးတွေ့ရှိမှုနည်းတာကတော့ ပုသိမ်ကြီးမြို့နယ်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့မြို့နယ်တွေက တွေ့ရှိမှုတွေ များနေပါသေးတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို စနစ်တကျလိုက်နာ ဖို့လိုအပ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

လက်ရှိအချိန်တွင် မန္တလေးခရိုင်အတွင်း၌ Covid-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ်ချက်များ ပါဝင်သည့် စည်းကမ်းချက် ၁၇ နှစ်ချက်ကို ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ လိုက်နာဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားပြီး၊ လိုက်နာခြင်းမရှိသူများကို တွေ့ရှိပါက တစ်ဦးလျှင်ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ဒဏ်ရိုက်အရေးယူလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)