မန္တလေး  ၃ သြဂုတ်


မန္တလေးခရိုင်တရားရုံးတွင် တရားစီရင်ရေးစနစ် မှန်ကန်မြန်ဆန်စေရေးအတွက် မှုခင်းစီမံခန့်ခွဲမှု အစီစဉ်ကိုပြီးခဲ့သည့် ဇူလိုင်လက စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးခရိုင်တရားရုံးမှ သိရသည်။


ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု တရားစီရင်ရေးဥပဒေပုဒ်မ ၇၃ အရ အပ်နှင်းသည့်လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက် ထုတ်ပြန်ခဲ့သည်။ မှုခင်းများဖြစ်ပွားရာတွင် အငြင်းပွားမှုများကို မျှတစွာဖြေရှင်းရန် ၊ အချိန်နှင့်တပြေးညီ စစ်ဆေးစီရင်နိုင်ရန် ၊ အမှုလက်ကျန်များနှင့် ကြန့်ကြာနေသည်မှုခင်းများလျော့ချ ရန် ၊ တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုမြှင့်တင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


‘မှုခင်းစီမံခန့်ခွဲမှုအစီစဉ်ဆိုတာ လုပ်နေပြီ။ ဥပေဒေအရာရှိ ၊ အမှုစစ်ကိုခေါ်တယ်။ ဒီမိန်းကလေးကို ဒီအမှုအတွက် ဇူလိုင်လ ၁ ရက်ကစတယ်။ အမှုတစ်ခုစရောက်တာနဲ့ တပြိုင်တည်း ဘယ်သူမအမှုစစ်လို့မရသေးဘူး ၊ ဟိုဘက်ဒီဘက်ကိုခေါ် ရှေ့နေငှားမလားမေးပြီး အချိန်ကြန့်ကြာတယ် ဆိုတာမရှိအောင် ဆောင်ရွက်ပေးနေပါတယ်’ ဟု မန္တလေးခရိုင်တရားရုံး ၊ ဒုတိယခရိုင်တရားသူကြီး ဒေါ်မာလာထွဋ်က ပြောသည်။


မှုခင်းစီမံခန့်ခွဲမှုအစီစဉ်တွင် ရာဇဝတ်မှုဖြစ်စေ ၊ တရားမမှုဖြစ်စေ အလျင်အမြန်ဆောင်ရွက်ရမည့် အမှု၊ ရိုးရှင်းသောအမှု၊ ရှုပ်ထွေးသောအမှုဆိုပြီး သုံးမျိုးခွဲခြားထားကြောင်း သိရသည်။ 


ရာဇဝတ်မှုများတွင် အလျင်အမြန်ဆောင်ရွက်ရမည့် အမှုများအား ရက်ပေါင်း ၉၀ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ကနဦးအဆင့်တွင် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး အပြီးသတ် အကြိုညှိနှိုင်းအစည်းအဝေးတို့ ကို ၂၅ ရက်အတွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ကြားနာခြင်းအဆင့်တွင် တရားလို၊ တရားခံနှင့် သက်သေများကို ကြားနာစစ်ဆေးခြင်း၊ အပြီးသတ် လျှောက်လဲခြင်းတို့ ပါဝင်ပြီး ရက်ပေါင်း ၅၅ ရက်အတွင်း ဆောင်ရွက်ရမည်ဖြစ်သည်။


ရိုးရှင်းသောအမှုများကို ရက်ပေါင်း ၁၈၀ အတွင်း ပြီးပြတ်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး၊ အကြိုညှိနှိုင်းအစည်းအဝေးများကို ရက်ပေါင်း ၅၀ အတွင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ကြားနာခြင်းကို ရက်ပေါင်း ၁၁၀ အတွင်း ဆောင်ရွက်ရမည်ဖြစ်ကာ စီရင်ချက်ချမှတ်ခြင်းကို ရက်ပေါင်း ၂၀ အတွင်း ဆောင်ရွက်ရမည်ဖြစ်သည်။


ရှုပ်ထွေးသောအမှုကို ရက်ပေါင်း ၂၇၀ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး မှုခင်းစီမံခန့်ခွဲမှုနှင့် အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်းတို့အား ရက်ပေါင်း ၉၀ အတွင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ကြားနာစစ်ဆေးခြင်း၊ လျှောက်လဲချက်ကြားနာခြင်း ကို ရက်ပေါင်း ၁၆၀ အတွင်းဆောင်ရွက်ရမည်ဖြစ်ပြီး စီရင်ချက်ချမှတ်ခြင်းကို ရက်ပေါင်း ၂၀ အတွင်း ဆောင်ရွက်ရမည်ဖြစ်သည်။


တရားမမှုများတွင် အလျှင်အမြန်ဆောင်ရွက်ရမည့်အမှုကို ရက်ပေါင်း ၂၇၀ ၊ ရိုးရှင်းသောအမှုကို ရက်ပေါင်း ၃၆၅ ရက်၊ ရှုပ်ထွေးသောအမှုကို ရက်ပေါင်း ၅၄၀ အတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်