မန္တလေး ၁၈ ဇူလိုင်

 

မန္တလေးခရိုင်အတွင်းတွင် ဘုန်းကြီးကျောင်းများတွင်းရှိ လူနေအဆောက်အအုံများကို ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စာရင်းပြုစုနေကြောင်း မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူးရုံးထံမှ သိရသည်။

 

မန္တလေးခရိုင်အတွင်းက မြို့နယ်များရှိ ဘုန်းကြီးကျောင်းများအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် လူနေအဆောက်အအုံများကို ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် ခရိုင်မြို့နယ်အလိုက် စီမံခန့်ခွဲမှုကော်မတီများက ကွင်းဆင်းစစ်ဆေးကာ ရှင်းလင်းဖယ်ရှားမည့် အစီအစဉ်များကို လုပ်ဆောင်နေကြောင်း သိရသည်။

 

" မန္တလေးခရိုင်မှာရှိတဲ့ ဘုန်းကြီးကျောင်းအတွင်းတွေမှာ လူနေအဆောက်အအုံစာရင်းတွေကို အခုလိုက်ကောက်နေပြီ။ လောလောဆယ်တော့ မန္တလေးခရိုင်က စလုပ်မယ်။ ပြီးမှ တိုင်းအထိသွားမှာပေါ့ ။ " ဟု မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးကျော်လှိုင်က ပြောသည်။

 

စာရင်းပြုစုခြင်းလုပ်ငန်းများကို စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်သံဃနာယက ဆရာတော်များနှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ဇွန်လတတိယပတ်အတွင်းက စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

 

မန္တလေးခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်းအချို့တွင် လူနေအဆောက်အုံများတွင် တရားမဝင် သစ်ခိုးထုတ်မှုများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများကို သိုလှောင်ထားမှုများကို ယခင်က တွေ့ရှိခဲ့သလို လောင်းကစားဒိုင်များကိုလည်း ဖမ်းဆီးရမိခဲ့၍ ယခုအခါတွင် ထပ်မဖြစ်စေရေးအတွက် ယခုလိုလိုက်လံစစ်ဆေးနေကြောင်း သိရသည်။

 

ထို့ပြင် ဘုန်းကြီးကျောင်းများတွင် လောင်းကစားမလုပ်ရန်အတွက် ၁၉၈၁ က ညွှန်ကြားလွှာအမှတ် (၁၄) ဖြင့် တစ်ကြိမ်၊ ၁၉၉၁ က ညွှန်ကြားလွှာအမှတ် (၈၀) ဖြင့် တစ်ကြိမ်၊ ၂၀ဝ၄ တွင် သီးခြားစာဖြင့် ယင်းကဲ့သို့ ဖယ်ရှားရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကြောင်း မန္တလေးတိုင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

 

သူရိန်လင်း