မန္တလေး၊  ၉  ဇန်နဝါရီ

မန္တလေးခရိုင်အတွင်းရှိ ကျေးရွာများအားလုံး ဇန်နဝါရီလကုန်တွင် မီးရရှိမည်ဖြစ်ကြောင်း မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကျေးရွာစုစုပေါင်း ၄၇၉၉ ရွာရှိသည့်အနက် လက်ရှိအထိ ကျေးရွာ ပေါင်း ၄၂၇၇ ရွာ လျှပ်စစ်မီးလင်းပြီး၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ငွေကျပ်(၁၅)ဘီလီယံဖြင့် ကျေးရွာပေါင်း(၁၄၅)ရွာနှင့် ၃၃/၁၁ ကေဗွီ၊ 5MVA ခွဲရုံပေါင်း (၉)ရုံ တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

မန္တလေးခရိုင်အတွင်း ကျေးရွာစုစုပေါင်း ၃၁၀ ရှိသည့်အနက် ရာနှုန်းပြည့်လျှပ်စစ်မီးရရှိရန် ပုသိမ်ကြီး မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်လယ်ကျွန်းပေါ်ကျေးရွာ ၉ ရွာနှင့် တောင်ပေါ်ကျေးရွာ ၃ ရွာတို့သာ ကျန်ရှိတော့ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း စီမံဌာန မန္တလေးခရိုင် လက်ထောက် အထွေထွေမန်နေဂျာ ဦးအေးကျော်က ပြောပြသည်။

“တောင်ပေါ်မှာကျန်နေတဲ့ကျေးရွာ ၃ ရွာကိုလည်း ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီးပြီ။ အခုမြစ်လယ်က ရွာတွေအတွက် မြစ်ကျော်ဓာတ်အားလိုင်းတည်ဆောက်ပြီးပြီ။ ရွာတွေအားလုံးကို အခုဇန်နဝါရီလကုန် လောက်မှာစပြီး လျှပ်စစ်ဓာတ်အားစပေးနိုင်မယ်” ဟု ဦးအေးကျော်က ဆက်လက်ပြောပြသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အကုန်တွင် မဟာဓာတ်အားလိုင်းစနစ် မရောက်ရှိနိုင်သည့် တောင်ပေါ်ရွာနှင့် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းရွာများ (၆၂)ရွာမှအပ ကျေးရွာပေါင်း(၄၇၃၇)ရွာ မီးလင်းမည်ဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၉၉ ရာခိုင်နှုန်း မီးလင်းအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖြိုးအိ