မန္တလေး ၂၈ အောက်တိုဘာ

 

မြန်မာ့ကြက်သွန်နီအား ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ဝယ်ယူလာမှုကြောင့် မန္တလေး ကြက်သွန်နီဈေးကွက်တွင် ဈေးမြင့်တက်လာနိုင်ကြောင်း မန္တလေးမြို့ ကြက်သွန်ပွဲရုံများထံမှ သိရသည်။

 

လက်ရှိ ကြက်သွန်နီဈေးနှုန်းမှာ တစ်နိုင်ငံလုံးအနေဖြင့် ဈေးကွက်အတွင်း တစ်ပိဿာလျှင် ငွေကျပ် ၈၅၀မှ ၉၀ဝ၊ မန္တလေးဈေးကွက်တွင် တစ်ပိဿာ လျှင် ငွေကျပ် ၁၀ဝဝ ဖြစ်ကြောင်း သိရသည်။

 

" ဘင်္ဂလားဒေ့ရှ် အပြင် ပြည်တွင်းတမူးဒေသဘက် ကပါ ကြက်သွန်အဝယ်လိုက်လာတယ် ။ သူတို့သာဆက်ဝယ်နေရင် နိုဝင်ဘာလလယ်လောက်မှာ ဈေးနှုန်းမြှင့်သွားနိုင်တဲ့ အနေအထားရှိတယ် ။သူတို့သာမဝယ်ရင် ကြက်သွန်နီဈေးကျတာ တော်တော်ဆိုးသွားမယ် "ဟု မန္တလေးမြို့ ရွှေမန်းလှ ကြက်သွန်ပွဲရုံပိုင်ရှင် ဦးဝင်းမြင့်က ပြောသည်။

 

ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်း တံတားကို ဗုံးခွဲဖျက်ဆီးခဲ့သဖြင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့ မှုရပ်တန့်ခဲ့ရာမှ လက်ရှိတွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားသဖြင့် မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီများ ပြန်လည်တင်ပို့နေရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တမူးဒေသတို့ကပါ ဆက်လက်ဝယ်ယူလာခြင်းဖြစ် ကြောင်း သိရသည်။

 

လာမည့် မိုးကြက်သွန်အသစ် ပေါ်မည့် နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် မြစ်သားပင်လေး ကြက်သွန်နီများ ရာသီဥတုကြောင့် ပျက်စီးမှုအခြေအနေပေါ် မူတည်၍ ကြက်သွန်ဈေး အပြောင်းအလဲရှိ နိုင်ကြောင်း ရွှေမန်းလှကြက်သွန် ပွဲရုံမှ သိရသည်။

 

သူရိန်လင်း