မန္တလေးကွန်တိန်နာ ဆိပ်ကမ်း

၂၉ ဒီဇင်ဘာ

 

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

ရန်ကုန်မှမန္တလေးသို့ ကားဖြင့်ကုန်ပစ္စည်းတင်ပို့ပါက ကုန်ပစ္စည်းတစ်တန် အတွက် ငွေကျပ် ၂၂ဝဝဝကျော် ကုန်ကျပါသည်။ ရန်ကုန်မှမ္တလေးသို့ သင်္ဘောဖြင့် ကုန်ပစ္စည်းတင်ပို့ပါက ငွေကျပ် ၆ဝဝဝ ဝန်းကျင်သာ ကုန်ကျပါ သည်။ သို့ဖြစ်ပါ၍ ရန်ကုန်မှမ္တလေးသို့ ကုန်ပစ္စည်းတင်ပို့ရာ၌ မော်တော် ကားဖြင့် တင်ပို့ခြင်းသည် သင်္ဘောဖြင့်တင်ပို့ခြင်းထက် ဆနီးပါး ဒသမ ကုန်ကျစရိတ် ပိုမိုများပြားပါသည်။ သို့ဖြစ်ပါ၍ ရေကြောင်း ခရီးမှ ကုန်ပစ္စည်းတို့ကို သယ်ပို့ခြင်းသည် ကုန်းလမ်းခရီးမှ ကားဖြင့်သယ်ပို့ ခြင်းထက် သိသိသာသာကုန်ကျစရိတ်နည်းပါးသည်ကို အလွယ်တကူ မြင်တွေ့နိုင်ပါသည်။

 

 

သို့သော် အထက်ပါကုန်ကျစရိတ်နှိုင်းယှဉ်သုံးသပ်ချက်၌ ယှဉ်တွဲ သုံးသပ်စရာ ကိစ္စရပ်များရှိနေပါသည်။ သင်္ဘောကကုန်ပစ္စည်းတန်ချိန် ၁ဝဝဝ သယ်ဆောင်နိုင်ချိန်၌ ထရပ်ကားက ကုန်ပစ္စည်း ၃၇ တန်သာ သယ်ဆောင်နိုင်၍ သင်္ဘောနှင့် ထရပ်ကား၏ ကုန်ပစ္စည်းသယ်ပို့နိုင်စွမ်းအချိုးအစားသည် ၃၇း၁ ဖြစ်နေပါသည်။ သို့သော် ပစ္စည်းတင်ချချိန် အပါအဝင် ထရပ်ကားဖြင့် ကုန်ပစ္စည်းတင်ပို့မှုသည် ရန်ကုန်မှမန္တလေးသို့ ငါးရက်သာအချိန်ယူရပါသည်။ ပစ္စည်းတင်ချအပါအဝင် သင်္ဘောဖြင့် ကုန်ပစ္စည်းတင်ပို့မှုသည် မန္တလေး-ရန်ကုန်(ရေစုန်)ဖြစ်ပါက ရှစ်ရက်ကြာ၍ ရန်ကုန် - မန္တလေး (ရေဆန်) ဖြစ်ပါက ၁ဝ ရက်ကြာမည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ တစ်နှစ်တာပတ်လုံး ခေါက်တုံ့ခေါက်ပြန် သယ်ဆောင်နိုင်စွမ်း၌ ထရပ်ကားက သင်္ဘောထက် သိသိသာသာ ပိုများပါသည်။

 

 

ရေကြောင်းသယ်ယူပို့ဆောင်ရေး၏ အခြေအနေကို ပိုမိုဆိုးစေ သည်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး၌ ကွန်တိန်နာဆိပ်ကမ်းတို့ မရှိခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်တွင်း ရေကြောင်းဖြင့် ကုန်ပစ္စည်းတို့ကို သယ်ပို့ရာ၌ အများသုံးသင်္ဘောတို့ဖြင့်သာ သယ်ပို့ရ၍ ကုန်ပစ္စည်းအတင်အချတို့ကို အလုပ်သမားအင်အားဖြင့်သာ ဆောင်ရွက်ရပါသည်။ ထို့ကြောင့် ရေကြောင်းမှ ကုန်ပစ္စည်းတို့ကို သယ်ပို့ပါက အချိန်များစွာယူရပါသည်။ ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေး၏ အဓိကဆိပ်ကမ်းတစ်ခုဖြစ်သော မန္တလေးဆိပ်ကမ်းကို သာ ကွန်တိန်နာဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ပါက ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့၏ စွမ်းဆောင်ရည် သည် သိသိသာသာ မြင့်မားလာမည်ဖြစ်ပါသည်။ မ္တလေးဆိပ်ကမ်းသာ ကွန်တိန်နာဆိပ်ကမ်းဖြစ်လာပါက မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အထက် ပိုင်း၏ထွက်ကုန်တို့အား ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် နိုင်ငံတကာသို့ တင်ပို့ခြင်းကို ဆောင်ရွက်လာနိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၏အဓိက ပြည်ပပို့ကုန်ဖြစ်သော ပဲအမျိုးမျိုးတို့ကို မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အထက်ပိုင်း၌ စိုက်ပျိုးထုတ်လုပ်ကြခြင်း ဖြစ်ပါသည်။

 

 

ယခုအခါ ဂျပန်နိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အကူအညီဖြင့် မန္တလေးမြို့၌ တည်ဆောက်တော့မည် ဖြစ်ပါသည်။ မ္တလေးကွန်တိန်နာဆိပ်ကမ်းကို ၂ဝ၁၈ ခုနှစ်၌ စတင်တည် ဆောက်မည်ဖြစ်ပြီး ၂ဝ၂ဝပြည့်နှစ်၌ ပြီးစီးမည်ဟု ခန့်မှန်းထားပါသည်။မန္တလေးကွန်တိန်နာ ဆိပ်ကမ်းသာပြီးစီးပါက မြန်မာနိုင်ငံ၏ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး စွမ်းပကားကို သိသိသာသာတိုးမြှင့်နိုင်မည် သာမက ဒေသတွင်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတို့၌ မြန်မာနိုင်ငံ၏ပါဝင်နိုင်မှုအခန်းကဏ္ဍကိုလည်း သိသိသာသာတိုးမြင့်စေမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မန္တလေးကွန်တိန်နာဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါ သည်။