မန္တလေး  ၄  အောက်တိုဘာ

မန္တလေးကျုံးရေသွင်းမြောင်းကို ၆ ပေ precast channel ဖြင့်အဆင့်မြှင့် တည်ဆောက်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

ရေသွင်းမြောင်း တစ်လျှောက်စည်းကမ်းမဲ့ရေချိုး အဝတ်လျှော်တာတွေ၊ အမှိုက်ပစ်တာတွေကို ကာကွယ်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ သစ်ရွက်ခြောက်နဲ့ အမှိုက်များ မကျစေရေးအတွက် ၁၉ လမ်းထိပ်မှ ကျုံးထဲအဝင်အထိကို အဖုံးပါတဲ့ precast မြောင်းတွေနဲ့ အဆင့်မြှင့်တင်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

"အမှိုက်တွေမဝင်အောင် ၁၉ လမ်းထိပ်မှာ ဇကာတပ်ပါမယ်။အခုဆိုရင် ၆၅ လမ်းအထိ ရောက်နေပြီမို့ ဒီလအတွင်းမှာပြီးပါမယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

ကျုံးရေပေးရေး မြောင်းအရှည်မှာ ၇၆၆၂ ပေရှိပြီး အကျယ်မှာ ၆ ပေ အရွယ်အစား precast မြောင်းဖြစ်လို့ ရေစီးအား ကောင်စမွန်ကြောင်း သိရသည်။

 

နှစ်စဉ်ပေါ်လာမယ့် နုံးအနယ်တွေ ရှင်းလင်းရေးအတွက်ပါ ကြိုတင် စီစဉ်ထားခြင်း၊ ပိုလာတဲ့မြေနေရာမှာ စိန်းလမ်းစိုပြေရေးအတွက် အရိပ်ရအပင်နဲ့ အလှပင်တွေ စိုက်သွားနိုင်ကြောင်း သိရသည်။

 

လက်ရှိမှာတော့ မြောင်းထဲတွင် ပါလာသည့် အမှိုက်တွေကို ကျုံးအဝင်နားမှာ သံဆန်ခါတပ်ပြီး နေ့တိုင်း ဆယ်ယူနေကြောင်း သိရသည်။

မေသက်ထား