မန္တလေး ၂၆ နိုဝင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ အသစ်တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား အစီအမံများရေးဆွဲကာ အရှိန်အဟုန်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် တစ်ဖက်မှလည်း အများပြည်သူတို့ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုနှင့်ပတ်သက်၍ သိရှိလိုသည့်ကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် လျှပ်စစ်ဓာတ်အားခဆိုင်ရာ သိရှိလိုမှုများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက် ရန်အကြံပေးခြင်း၊ သတင်းပေးပို့ခြင်းအစရှိသည့် လျှပ်စစ်နှင့်ပတ်သက်သမျှသော မည်သည့်ကိစ္စကိုမဆို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ရန်အတွက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ဝန်ဆောင်မှုဌာနစိတ် (MESC Call Center) ဖွင့်လှစ်ထားရှိကာ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ MESC Call Center အား ပြည်သူများ လွယ်လင့်တကူ ဆက်သွယ်နိုင်စေရန်အတွက် Hot Line ဖုန်းနံပါတ်၊ 1616 ကို သတ်မှတ်ထားရှိပြီး MPT၊ MYTEL၊ Ooredoo၊ Telenor အစရှိသည့် မည်သည့်တယ်လီဖုန်း Sim Card အမျိုးအစားနှင့်မဆို ဆက်သွယ်ရေး သင်္ကေတ (Code) မခံဘဲ ၎င်းဂဏန်း လေးလုံးအားနှိပ်၍ ဖုန်းခေါ်ဆိုပြီး သိရှိလိုသမျှ၊ မေးမြန်းစုံစမ်းအကြံပြုနိုင်သည်။ ထိုသို့ သိရှိလိုသမျှကို စိစစ်မေးမြန်းဖြေကြားနိုင်ရန်အတွက် ဝန်ထမ်းများကို နေ့/ည ၂၄ နာရီ ပိတ်ရက်မရှိ တာဝန်ချထားကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ အသီးသီးမှ ပြည်သူများအား လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။
အဆိုပါဝန်ဆောင်မှုအား ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအသုံးပြုစေနိုင်ရန်အတွက် ဗီနိုင်းပိုစတာများပြုလုပ်ကာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားခပေးဆောင်ရာ နေရာများ၊ လူစည်ကားသည့် လမ်းဆုံ၊ ဈေး၊ ကျောင်းများအနီးတွင် ချိတ်ဆွဲအသိပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


