မန္တလေး ၁၅ ဖေဖော်ဝါရီ

 

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ နှစ်နိုင်ငံပူးတွဲ၍ တိုက်ရိုက်ဘတ်စ်ကားလိုင်းအား လာမည့်ဧပြီလအတွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတွင် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်နှင့် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများ၊ operator ကုမ္ပဏီများ တက်ရောက်၍ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါ MOU အချက်ပါဆွေးနွေးမှုအရ ၃ လအတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သော်လည်း လုပ်ငန်းဆောလျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဧပြီလမှစတင်၍ စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora က ပြောသည်။

 

“အခုလို ဘတ်စ်ကားလိုင်း တိုက်ရိုက်ပြေးဆွဲခြင်းအားဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေမှာရှိတဲ့ ပြည်သူတွေနဲ့ စစ်ကိုင်း၊ မန္တလေးမှာရှိတဲ့ ပြည်သူတွေအချင်းချင်း နှစ်နိုင်ငံ သွားလာဆက်ဆံမှုကနေ ချစ်ခင်ရင်းနှီးမှုတွေ ပိုမိုရရှိဖို့ ရည်ရွယ်ပါတယ်။ ကလေးဝနဲ့ တမူးကြားမှာ ဒုတိယကမ္ဘာစစ်က တည်ဆောက်ခဲ့တဲ့ ဘေလီတံတား ၆၉ စင်းရှိပါတယ်။ ဒီတံတားတွေကို အိန္ဒိယနိုင်ငံဘက်က တာဝန်ယူပြီး ပြင်ဆင်နေပါတယ်။ နှစ်နိုင်ငံဘတ်စ်ကားလိုင်းပူးတွဲကာ တိုက်ရိုက်ပြေးဆွဲနိုင်ဖို့ ၂၀၁၈ ခုနှစ်ကတည်းက ကြိုးစားဆောင်ရွက်ခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အမှန်တကယ် အကောင်ထည်ပေါ်လာပြီ” ဟု ၎င်းကပြောသည်။

 

အဆိုပါနှစ်နိုင်ငံပူးတွဲ ဘတ်စ်ကားလိုင်းပြေးဆွဲမှုတွင် မြန်မာနိုင်ငံမှ ရွှေမန္တလာ express ကုမ္ပဏီဖြင့် မန္တလေး- မုံရွာ- ဂန့်ဂေါ- ကလေး- တမူး အထိလည်းကောင်း၊ အိန္ဒိယနိုင်ငံ 7 sisters ကုမ္ပဏီမှ တမူးနယ်စပ်မှ အိန္ဒိယနိုင်ငံ အင်ဖာအထိလည်းကောင်း ပူးတွဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ကုမ္ပဏီက 7 sisters ကုမ္ပဏီနဲ့ပူးပေါင်းပြီး နှစ်နိုင်ငံ ခရီးသွားမြှင့်တင်မှုတွေ ဆောင်ရွက်မှာပါ။ လောလောဆယ်တော့ ကျွန်တော်တို့ဘက်က တမူးနယ်စပ်ဂိတ်အထိကိုပဲ ပြေးဆွဲပေးနိုင်ပြီး နောက်ပိုင်းမှာ အင်ဖာမြို့အထိ တိုက်ရိုက်ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်သွားမယ်။ အိန္ဒိယကုမ္ပဏီဘက်ကလည်း 7 sisters ဆိုတဲ့အတိုင်း ပြည်နယ် ၇ ခုနဲ့ ချိတ်ဆက်ထားတာဖြစ်လို့ လည်ပတ်စရာနေရာတွေ သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ရွှေမန္တလာ express ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးနေလင်းဦးက ပြောသည်။

 

ထို့အပြင် အိန္ဒိယနိုင်ငံ 7 sisters ကုမ္ပဏီမှ managing partner H.Radhakrishna Sharma ကလည်း “မြန်မာနိုင်ငံက လက်ရှိမှာ ပွင့်လင်းလာတဲ့နိုင်ငံဖြစ်တဲ့အတွက် လည်ပတ်စရာတွေ အများကြီးရှိတယ်။ အခုလို ပူးတွဲတိုက်ရိုက်ပြေးဆွဲမှုမှာ မြန်မာနိုင်ငံဘက်ကို ခရီးသွားတွေ ပိုမိုဝင်ရောက်ဖို့ အဓိကထားပြီး အိန္ဒိယနိုင်ငံဘက်ကို ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်နဲ့ ဆေးဝါးကုသမှုတွေအတွက် အဓိမျှော်မှန်းထားပါတယ်”ဟု ပြောသည်။

 

မန္တလေး-အင်ဖာ ပူးတွဲဘတ်စ်ကားလိုင်းဖြင့် မန္တလေးမှတမူးအထိ ၁၁ နာရီကြာမြင့်မည်ဖြစ်ပြီး တမူးမှ အင်ဖာမြို့သို့ ၃ နာရီကြာမြင့်မည်ဖြစ်ကာ အဆိုပါဘတ်စ်ကားလိုင်းပြေးဆွဲမှုကို မန္တလေးမြို့မှ ဧပြီ ၇ ရက်နေ့တွင်လည်းကောင်း၊ အင်ဖာမြို့မှ ဧပြီ ၈ ရက်နေ့တွင်လည်းကောင်း စတင်စမ်းသပ်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)