မန္တလေး  ၇  ဇွန်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မကုန်မှ မန္တလေးမြို့အတွင်း လမ်းမီးတိုင် ၁၆၀၀၀ ကျော် စိုက်ထူသွားမည်ဟု သိရသည်။

 

လမ်းမီးတိုင် စုစုပေါင်း ၁၆၅၈၄ တိုင်ကို ယခုနှစ် အောက်တိုဘာလ မတိုင်မီ စိုက်ထူသွားမည်ဟု သိရသည်။

 

“မန္တလေးမြို့တော် စည်ပင်သာယာလှပရေး၊ ယာဉ်အန္တရာယ်နဲ့ ရာဇဝတ်မှုတွေ လျော့နည်းကျဆင်းစေရေး ရည်ရွယ်ချက်တွေနဲ့ လမ်းမီးတိုင်တွေ စိုက်ထူနေပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်မှ သတင်းထုတ်ပြန်ခဲ့သည်။

 

လမ်းမီးတိုင်များကို မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ဘတ်ဂျက် လျာထားငွေ၊ မြို့တော် စည်ပင်သာယာရေးအတွက် လှူဒါန်းသူများ၏ အလှူငွေများဖြင့် ဝယ်ယူစိုက်ထူနေပြီး ယခုနှစ် ဇွန်လ ၅ ရက်နေ့အထိ အလှူရှင်များက လမ်းမီးတိုင် ၂၂၃၀ တိုင် လှူထားကြောင်း သိရသည်။

 

ယခုဘဏ္ဍာနှစ် မကုန်မီ မီးတိုင်ပေါင်း ၁၆၅၈၄ တိုင် စိုက်ထူရန်စီမံထားပြီး ယခုအချိန်ထိ မီးတိုင်ပေါင်း ၉၆၆၉ တိုင် စိုက်ထူပြီးစီးပြီးဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့၏ အဓိကလမ်းမကြီးများကို ဦးစားပေးအဖြစ် စိုက်ထူနေပြီး အဆိုပါလမ်းမကြီးများတွင် ယခင်က တပ်ဆင်ထားသည့် အလင်းရောင်အားနည်းသည့် မီးလုံးများကို လမ်းသွယ်များသို့ ပြောင်းရွေ့တပ်ဆင်ပေးနေကြောင်း သိရသည်။

ဖြိုးအိ