မန္တလေး၊ ၅ ဒီဇင်ဘာ

မန္တလေးမဟာမြတ်မုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ ကိုဗစ်-၁၉ ကာလအတွင်း အကြီးစားပြင်ဆင်မှု လုပ်ငန်းများအား ငွေကျပ်သိန်းပေါင်းငါးသောင်းကျော်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီ ဖြစ်ကြောင်း  မန္တလေးမဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်း ထံမှ သိရသည်။

 

 “ကိုဗစ်-၁၉ ကြောင့် ဘုရားဖူးများ စတင်ကန့်သတ်လိုက်သည့်ကာလ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက် မှ စတင်ကာ အကြီးစားပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်၊ ဘုရားဖူးအများဆုံးဝင်/ထွက်သွားလာသည့် အရှေ့ဘက် စောင်းတန်းနှင့် မြောက်ဘက်စောင်းတန်းတွေကို အကြီးစားမွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါတယ်၊ မဟာဗောဓိပင် စောင်းတန်းကိုလည်း ပြန်လည် ပြင်ဆင်တာက အစအဆုံးနီးပါးပါပဲ၊ အဲဒီစောင်းတန်းဘေးမှာရှိတဲ့ ဆိုင်ခန်းတွေကို နောက်ဆုတ်ပြန်ဆောက်ပြီး ကြားက လွတ်သွားတဲ့မြေနေရာမှာ ပန်းဉယျာဉ်တွေ ဆောင်ရွက်လိုက်တယ်၊ အနောက် (၄၅)တာမှာရှိတဲ့ ဂိုဒေါင်တွေ၊ ဝန်ထမ်း အိမ်ရာတွေ၊ အဆောက်အဦဟောင်းတွေနဲ့ ဆိုင်ခန်းတွေကို ပြောင်းသင့် တာပြောင်း၊ ပြင်သင့်တာပြင်ပြီး ကားပါကင်နဲ့ ဥယျာဉ်ငယ်တွေ ပြန်လုပ်လိုက်တယ်၊ ခုချိန်မှာတော့ မြောက်ဘက်စောင်းတန်းအနောက်ဘက်အလှနှင့် တတိယမဟာရံ တံတိုင်းအလှကို ပြန်မြင်ရပါပြီ၊ နောက်ပြီး မြောက်စောင်းတန်းအရှေ့ဘက်က အရင်အဆောက်အဦဟောင်းတွေနဲ့ ပန်းတန်းကို အကုန်ပြန်ဖျက်ပြီး ပြင်လိုက်တယ်၊ ပန်းတန်းနှင့် ကားလမ်းကြားမှာ သစ်ပင်တွေပန်းပင်တွေစိုက်ပြီး အလှပုံဖော်လိုက်တယ်၊ ဘုရားဖူးတွေအနေနဲ့ ဘုရားထဲ ဝင်ဝင်လာချင်းကို စိတ်ချမ်းသာသွားအောင် ဆောင်ရွက်လိုက်တာပါ၊ လိပ်ကန်တွေ၊ ငါးကန်တွေကိုလည်း ပြန်လည် ပြင်ဆင်မှုတွေဆောင်ရွက်ခဲ့ပါတယ်၊ ကျောင်းဆောင်တော်ကြီးတစ်ခုလုံးကိုလည်း ပြန်လည်မွမ်းမံကာ ရွှေချသွားမှာပါ၊ နောက်ပြီးမဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးကိုလည်း အကြီးစားပြင်ဆင်ခဲ့ပါတယ်၊  အားလုံးနီးပါး ပြီးစီးနေပါပြီ နည်းနည်းဘဲ ကျန်ပါတော့တယ်၊ အရှေ့တောင်ထောင့်မှာရှိတဲ့ ဝန်ထမ်းအိမ်ရာတွေကို ပြန်ဖျက်ပြီး စောင်းတန်းတွေနဲ့ ကားပါကင်တွေဆောင်ရွက်နေပါတယ်၊ မဟာမုနိဘုရားကြီး ပရိဝုဏ်ဝင်းအတွင်းမှာ ဝန်ထမ်းအိမ်ရာ(၆)နေရာ ရှိခဲ့ပါတယ်၊ အဲဒါတွေအားလုံးကို ရွေ့ပြောင်းစေပြီး ၈၄ လမ်းနှင့် အမရပူရမြို့သွားတဲ့လမ်း မဟာမုနိဘုရားကြီး ပိုင်မြေနေရာမှာ ဝန်ထမ်းအိမ်ရာတွေ အသစ်တည်ဆောက်ပေးခဲ့ပါတယ်၊ ဘုရားဖူးတွေ အခမဲ့ အသုံးပြု လို့ရမယ့်  အဆင့်မြင့်အိမ်သာတွေလည်း တည်ဆောက်ထားပါတယ်၊ နောက်ပြီး လျှပ်စစ်မီးနဲ့ပတ်သက်ပြီး အန္တရာယ်ကင်းရှင်း စေရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တိုင်ပင်ပြီးအားလုံး ပြန်လည်ပြင်ဆင်ကာ မြို့တစ်မြို့ကို မီးပေးတဲ့ စနစ်မျိုး ဆောင်ရွက်နေပါတယ်၊ ဒါတွေကတော့ အကြီးစားပြင်ဆင်မှုတွေပါ၊ အသေးစားတွေကတော့ အများကြီးပါဘဲ၊ ဟု ၎င်းက ပြောကြားသည်။

 

ကျွန်တော်တို့ ဂေါပကအဖွဲ့အနေနဲ့ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် အစည်းအဝေးခေါ်ပြီး တိုင်ပင်တယ်၊ ဆုံးဖြတ်တယ်၊ ဘယ်လိုလုပ်မှာလဲ၊ ဘယ်လောက်ကုန်မှာလဲ၊ ကုန်ကျငွေနဲ့ လုပ်တာနဲ့ ပြန်ရတာတန်ရဲ့လား၊ ဒါတွေစစ်ဆေးပါတယ်၊ လုပ်ငန်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးတဲ့ Third Party စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး ထောက်ခံချက်တွေရမှ ငွေထုတ်ပေးပါတယ်၊ အဓိကကတော့ ပြည်သူလူထုလှူဒါန်းထားတဲ့ ငွေတွေနဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက်  အများပြည်သူ ဝမ်းမြောက်ဝမ်းသာဖြစ်မယ့်၊ စိတ်ချမ်းသာမယ့် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေအားလုံး ဆောင်ရွက်သွားမှာပါဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း၌ အကြီးစားပြင်ဆင်မှု လုပ်ငန်းများတွင် မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီး၊ စောင်းတန်းများ၊ ဇရပ်များ၊ ဥယျာဉ်ငယ်များ၊ ကားပါကင်များ၊ လိပ်ကန်၊ ငါးကန်၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုများ၊ တခြားအသေးစား ပြင်ဆင်မှုများနှင့် ပြင်ဆင်မှုအတွက် တခြားအလှူခံရရှိမှုများ အပါအဝင် ငွေကျပ်သိန်းပေါင်း ငါးသောင်းကျော် အကုန်အကျခံဆောင်ရွက် လျက်ရှိကြောင်း သိရပြီး လုပ်ငန်းတော်တော်များများ ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)