မန္တလေး၊ ၇  ဒီဇင်ဘာ

 

မန္တလေးမဟာမုနိဘုရားကြီးအား ကိုဗစ်-၁၉ ရောဂါကြောင့် ဘုရားဖူးများပိတ်သိမ်းကန့်သတ်ထားစဉ် ကာလအတွင်း အကြီးစားပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မဟာမုနိဘုရားကြီး နှစ်စဉ်ရွှေမိုက် ထုတ်ယူခြင်းမှ ရရှိလာသော ရွှေအစစ်များဖြင့် ကျောင်းဆောင်တော်ကြီးရှိ တိုင်လုံးကြီးများအား ရွှေချသွားမည်ဖြစ်ကြောင်း မန္တလေးမဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဉက္ကဋ္ဌဦးစိုးလင်း ထံမှ သိရသည်။

 

 “မဟာမုနိဘုရားကြီး ကျောင်းဆောင်တော်ကြီးရှိ တိုင်လုံးကြီးများကို နှစ်ရှည်လများ ရွှေဆေးသုတ် လာတာ ဖြစ်တဲ့အတွက် အောက်ခံဘိလပ်မြေနဲ့ထုံးတွေက မှုတ်လာတဲ့အခါမှာ သိပ်မကောင်းတာကြောင့် ခဏခဏကွာကျပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မလဲစဉ်းစားတဲ့အခါမှာ ဂေါပက အဖွဲ့နဲ့ တိုင်ပင်ပြီး တိုင်တွေကို စနစ်တကျကြေးနဲ့ ပြန်ကပ်မယ်၊ တိုင်တွေအစား အုတ်နေရာမှာ နောက်က Foundation တစ်ခု အမာခံလုပ်ပြီး ကြေးကပ်မယ်၊ ကြေးပေါ်မှာမှ သစ်စေးသုတ်ပြီး ရွှေချမှာပါ၊ ရွှေချမယ့်ကိစ္စနှင့်ပတ်သက်ပြီး ဩဝါဒဆရာတော်ကြီးတွေ ကို လျှောက်ထား တဲ့အခါမှာလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံတဲ့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ လက်ရှိမှာ လုပ်ငန်းများ ဆောင်ရွက်နေပါတယ် ဟု မန္တလေးမဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဉက္ကဌဦးစိုးလင်း ကပြော ကြားသည်။

 

မဟာမုနိဘုရားကြီးမှာ ရွှေမိုက်ထုတ်တာ နှစ်စဉ် ၆/၇ ပိဿာ လောက်ရတယ်၊နှစ်စဉ် ရွှေတွေက ဘုရားမှာ စုဆောင်းထားတာလည်းကြာပြီဆိုတော့ ဘုရားကြီးကို ပြန်ပြီး သပ္ပာယ်မယ်ဆိုတဲ့ ဂေါပက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကျောင်းဆောင်တော်ကြီးမှာရှိတဲ့ တိုင်လုံးကြီးတွေမှာ ရွှေကပ်လှူတဲ့လုပ်ငန်း ဆောင်ရွက်သွားမှာပါ၊ အဲဒါပြီးသွားတာနဲ့ ကျောင်းဆောင်တော်ကြီး တစ်ခုလုံးက ရွှေကျောင်းဆောင် တော်ကြီး ဖြစ်သွားမှာပါ ဟု ၎င်း က ဆက်လက် ပြောကြားသည်။

 

မဟာမုနိဘုရားကြီး ကျောင်းဆောင်တော်ကြီးရှိ တိုင်လုံးကြီးများအား ရွှေချကပ်လှူခြင်း ကို ရွှေအစစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ရွှေများအား ပြင်ပမှ ဝယ်ယူသွားမည်မဟုတ်ဘဲ မဟာမုနိဘုရားကြီး၏ နှစ်စဉ်ရွှေ မိုက်ထုတ်ခြင်းလုပ်ငန်းမှ ရရှိလာသော ရွှေများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)