မန္တလေး ၇ အောက်တိုဘာ
သီတင်းကျွတ်ပွဲတော်ကာလအတွင်း၌ မဟာမုနိဘုရားရင်ပြင်တော်ပေါ်တွင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် ဆီမီးကပ်လှူပူဇော်ပွဲများအား ညစဉ် ၆ နာရီမှ ၈ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့မှ သိရသည်။
အဆိုပါဆီမီးကပ်လှူပူဇော်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက် (အဖိတ်နေ့)၌ ရခိုင်တိုင်းရင်းသား လူငယ်များအဖွဲ့မှ ဆီမီး ကိုးထောင် ကပ်လှူပူဇော်မည်ဖြစ်ပြီး သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (အောက်တိုဘာ ၁၄ ရက်)တွင် တနင်္ဂနွေရင်ပြင်တော် သန့်ရှင်းရေးအသင်းမှ စုပေါင်း၍ ဆီမီးတစ်သောင်း ကပ်လှူပူဇော်သွားမည့်အပြင် သီတင်းကျွတ်လပြည့်နေ့၌လည်း အလှူရှင်များ၏ လာရောက်လှူဒါန်းမည့် ဆီမီးတစ်ထောင် ကပ်လှူပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။
''ဘုရားကြီးမှာ အခုလို သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပွဲတော်ကာလတွေမှာ ဆီမီးကပ်လှူပူဇော်ပွဲတွေကို အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ စုပေါင်းပြီး လာရောက်လှူဒါန်းမှုတွေနဲ့ နှစ်စဉ်ကျင်းပလျက်ရှိတဲ့အပြင် ဘုရားဖူးလာပြည်သူတွေရဲ့ တစ်ပိုင်တစ်နိုင် ဆီမီးကပ်လှူပူဇော်မှုတွေနဲ့ စတုဒိသာ ကျွေးမွေးလှူဒါန်းမှုတွေလည်းရှိတဲ့အတွက် ဒီကာလတွေမှာ နေ့ရော ညပါ စည်ကားနေပါတယ်။ မဟာမုနိဘုရားမှာ ဆီမီးနဲ့ စတုဒိသာ လှူဒါန်းကျွေးမွေးလိုသူများအနေဖြင့် ဘုရားဂေါပကအဖွဲ့ကို ကြိုတင်လျှောက်ထားပြီး လှူဒါန်းနိုင်ပါတယ်'' ဟု ဘုရားကြီး ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မဟာမုနိဘုရားရင်ပြင်တော်ပေါ်တွင် ဆီမီးများ လာရောက်ဆက်ကပ်လှူဒါန်းပူဇော်လိုသူများအနေဖြင့် ဘုရားရင်ပြင်တော် သန့်ရှင်းမှု မထိခိုက်စေရေးအတွက် ထွန်းညှိပူဇော်မည့် ဆီမီးခွက် တစ်ခွက်လျှင် ငွေ ၃၀ ကျပ်နှုန်းဖြင့် ငှားရမ်း အသုံးပြု လှူဒါန်းနိုင်ရန် ဘုရားကြီးဂေါပက အဖွဲ့မှ စီစဉ်ထားရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


