မန္တလေး   ၁၂  ဧပြီ

 

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ် အောင်မြေသာစံမြို့နယ်အတွင်းရှိ ဈေးများတွင် ယနေ့ နံနက် ၇ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို လွှတ်တော်ကိုယ်စား လှယ်များ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဌာနနှင့် မီးသတ်ဦးစီးဌာနများမှ ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ စုပေါင်း ဆောင်ရွက်ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ဈေးများအတွင်း ရောင်းချနေကြသည့် ဈေးသည်များ၊ အလုပ်သမားများနှင့် လာရောက် ဈေးဝယ်ယူကြသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် Mask တပ်ဆင်ခြင်းဖြင့် ကာကွယ်ကြရန် စည်းရုံး ပြောဆိုခြင်းများ ဆောင်ရွက်ကာ Mask များ ဝေငှပေးကြသည်။

 

“ဈေးတွေမှာ ရောင်းချနေကြတဲ့ ဈေးဝယ်သူတွေ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့အတွက် နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ စည်းရုံးပြောဆိုတဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ဒီဆောင်ရွက်မှုမှာ ရောင်းသူဝယ်သူအားလုံး Mask တပ်ဆင်ကြဖို့ အသိပညာပေးမှုတွေနဲ့ စည်းရုံးပြောဆိုပြီး Mask မတပ်ထားရင် အိမ်ကို ပြန်ယူခိုင်းတာတွေ ဝယ်ယူပြီး တပ်ဆင်စေတာ တွေကို ဆောင်ရွက်ပါတယ်။ ဒါအပြင် Mask တပ်မထားရင် ဈေးအတွင်းကို ဝင်ရောက်ပြီး ဝယ်ယူရောင်းချခွင့် မပြုပါဘူး” ဟု အောင်မြေသာစံမြို့နယ် စည်ပင်သာယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လက်ရှိကာလတွင် မန္တလေးမြို့ရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မိသားစုတို့မှ ပြည်တွင်း၌ ချုပ်လုပ်သည့် Mask များအား သက်ဆိုင်ရာ ဈေးအကျိုးတော်ဆောင်များ၊ ဈေးဝန်ထမ်းများနှင့်အတူ ဈေးသည်များအား လိုက်လံဝေငှပေးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)