မန္တလေးမြို့ ဂန္ဓာမာပန်းဈေးကွက်တွင် တင်ပို့ရောင်းချမှု အခက်အခဲများကြောင့် ဈေးနှုန်းများ ကျဆင်း

မန္တလေး ၇  မေ

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း ဂန္ဓာမာပန်းများ ဖြစ်ထွန်းအောင်မြင်သော်လည်း ယခုကာလအတွင်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် တင်ပို့ရောင်းချမှု အခက်အခဲများ ဖြစ်ပေါ်ပြီး ဈေးနှုန်းများ ကျဆင်းလျက်ရှိနေကြောင်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဂန္ဓာမာပန်း စိုက်ပျိုးသူ တောင်သူများက ပြောကြားသည်။

 

အဆိုပါပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောက်မီး၊ တံတိုင်းရှည်၊ နတ်စု၊ ညောင်ဝန်း၊ တောင်တောတွင်ရွာနှင့် ကုလားကြီးခြံ ကျေးရွာများတွင် ဂန္ဓာမာပန်းကို အဓိက စိုက်ပျိုးပြီး စီးပွားရေးလုပ်ငန်းအဖြစ် အဆင်ပြေစွာ ရပ်တည်လျက်ရှသည်။ ယခုကာလတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကန့်သတ်မှုများနှင့် ဒေသန္တရ အမိန့်ထုတ်ပြန်၍ တားမြစ်မှုများကြောင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချမှု လျော့နည်းကာ ဈေးနှုန်းများလည်း ကျဆင်းလာကြောင်း ပုသိမ်ကြီးမြို့နယ် ကျောက်မီး ကျေးရွာမှ ပန်းစိုက်တောင်သူ ဦးကျော်ဝင်းက ပြောသည်။

 

mdn

 

“ဒီအချိန်က ဂန္ဓာမာပန်းတွေ ရှေ့ပန်းနဲ့ နောက်ပန်း အပြိုင်ဖူးပွင့်နေကြတဲ့ အချိန်ပေါ့ ကျွန်တော်တို့ ခြံက ထွက်တဲ့ ပန်းတွေကို မန္တလေးမြို့အပြင် အခြားမြို့ကြီးတွေကိုလည်း တင်ပို့ရောင်းချတဲ့အတွက် ဒီကာလမှာ ကားလမ်းတွေ ပိတ်ထားလို့ အဆင်မပြေဘူး။ ဒါအပြင် ပန်းဈေးကွက်က ညသန်းခေါင်ကျော် တစ်နာရီလောက်မှာ စပြီး လက်လီလက်ကား ရောင်းချရတာ ဖြစ်တဲ့အတွက် ည ၁၀ နာရီကနေ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရတဲ့ ကန့်သတ်ချက်ကလည်း ဈေးကွက်ကို အဓိက ကျဆင်းစေပါတယ်။ ဒီရောဂါကလည်း အများပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ ကပ်ရောဂါဆိုတော့ ကျွန်တော်တို့ ပန်းစိုက်တောင်သူတွေအနေနဲ့လည်း အများနည်းတူ အခက်အခဲတွေ တောင့်ခံထားရမှာပေါ့။ လက်ရှိမှာတော့ အရင်က ပန်းခင်းမှာ ဂန္ဓာမာပန်း လက်ပွေ့ထုံး တစ်ထုံးကို ၃၀၀၀ နဲ့ ၃၅၀၀ ကြားအထိ ရောင်းချရပေမယ့် ဒီကာလမှာတော့ ကျပ် ၂၀၀၀ ရအောင် မနည်းရောင်းချနေရလို့ စိုက်ပျိုးစရိတ်နဲ့တော့ မကိုက်ဘူးဖြစ်နေတယ်။ အချို့တောင်သူတွေဆို ပန်းတွေကို ရောင်းဖို့ မခူးတော့ဘဲ စိတ်ခွန်အား ဖြစ်စေဖို့ ပန်းခင်းကြီးအလှကို ခံစားနေကြတယ်” ဟု ၎င်းက ပြောသည်။

 

ဂန္ဓာမာပန်းသည် စိုက်ပျိုးချိန်မှ ပန်းပွင့်ရန် ကာလအထိ ခြောက်လကြာ ရင်းနှီးထားရသည်။ ပန်းစိုက်ပျိုးမှုတွင် အောက်ပန်းနှင့် တောင်ပေါ်ပန်းဟူ၍ ခွဲခြားကာ စိုက်ပျိုးရောင်းချမှုများအပြင် ပန်းအမျိုးအစားများ စမ်းသပ်စိုက်ပျိုး ရောင်းချမှု များပြားလာခြင်းကြောင့် ပန်းဈေးကွက်တွင် ပြိုင်ဆိုင်မှု ပြင်းထန်နေကြောင်း ပန်းစိုက်ပျိုးလုပ်ကိုင်သူများက ပြောကြားသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)