မန္တလေး ၁၄ ဇန်နဝါရီ
လူမှုဖူလုံရေးဥပဒေနှင့်အညီ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၇၈လမ်းနှင့် ၃၀လမ်း၊ မန္တလေးဘူတာကြီး၊ နားနေဆောင် (၁)တွင် ကျင်းပသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က အမှာစကားပြောကြားပြီးနောက် လူမှုဖူလုံရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးက ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ကြည်မှ မန္တလေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၂)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့မီးရထား၊ တိုင်းအမှတ်(၃) အင်ဂျင်နီယာမှူး (စက်မှု/တိုင်း)မှ အာမခံအလုပ်သမား ဦးကျော်ကျော်ဦး၏ လုပ်ငန်းခွင်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ကျပ်ရှစ်ဆယ့်တစ်သိန်းတိတိကို ၎င်း၏ဇနီး ဒေါ်ဝေဝေဖြိုးအား ထုတ်ပေးပြီးနောက် မြန်မာ့မီးရထား၊ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်) ဦးမျိုးဝင်းမှ ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ လူမှုဖူလုံရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ သေဆုံးသူ၏ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလှိုင်