မန္တလေး ၁၄  အောက်တိုဘာ

 

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၃၅လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ မိတ်ကပ်နှင့် ဆံပင် အလှပြင်ဆိုင် တစ်ဆိုင်တွင် ယမန်နေ့ ည ၁၂နာရီကျော်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ ဆိုင်အတွင်း အပေါ်ထပ်၌ အိပ်နေသည့် အမျိုးသမီး ငါးဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။

 

အလှပြင်ဆိုင်အတွင်းရှိ လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့် ဆိုင်အပေါ်ထပ်၌ အိပ်နေသော အသက်(၅)နှစ်၊ (၁၃)နှစ်၊ (၂၀)နှစ်၊ (၃၅)နှစ်နှင့် (၄၅)နှစ်အရွယ် အမျိုးသမီးငါးဦး မီးခိုးမွှန် အသက်ရှူကျပ်ကာ ဆေးရုံသို့ ပို့ဆောင်စဉ် ငါးဦးစလုံး သေဆုံးခဲ့သည်ဟု မီးလောင်ရာတွင်ရောက်ရှိနေသည့် တာဝန်ရှိသူတစ်ဦးကပြောသည်။

 

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးလောင်မှုကြောင့် သေဆုံးခဲ့သူ မိတ်ကပ်နှင့် ဆံပင်အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသမီးကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၆)နယ်မြေရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၈၅/၃၀၄(က) (မီးပေါ့ဆမှု၊ လူသေစေမှု)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

 

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၆)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၆၆)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့သည်ဟု ဆိုသည်။

 

ဖြိုးအိ

 

mdn