မန္တလေး ၂၇ ဖေဖော်ဝါရီ
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ကုသိုလ်တော်ဘုရား သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ဘုရားပရဝုဏ်အတွင်း၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဓမ္မပီယလူငယ်အဖွဲ့များ၊ UNITED PACIFIC CO., LTD မှ ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများ စုစုပေါင်း ၂၀ဝ ကျော်တို့ ပူးပေါင်းကာ ကုသိုလ်တော်ဘုရား သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး UNITED PACIFIC CO., LTD မှ ဘုရားဖူးလာပြည်သူများအား ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ စမူဆာသုပ်၊ မြန်မာမုန့်များနှင့် အချိုရည်များအား စတုဒိသာ ကျွေးမွေးလှူဒါန်းခဲ့သည်။
ကုသိုလ်တော်ဘုရားကြီးသည် ပိဋိကတ်သုံးပုံ ပါဠိတော် ကျောက်စာပေါင်း ၇၂၉ ချပ်ရှိပြီး မာတိကာအလိုက် ပိဋိကတ်သုံးပုံကျောက်စာများမှာ သုတ္တန်(၃)ကျမ်း ကျောက်စာ (၄၁၀)ချပ်၊ ဝိနည်း(၅)ကျမ်းကျောက်စာ (၁၁၁)ချပ်၊ အဘိဓမ္မာ(၇) ကျမ်းကျောက်စာ (၂၀၈)ချပ်ရှိသည်။ ဘုရားဝင်းအတွင်း၌ ကျောက်စာတစ်ချပ်လျှင် ဓမ္မစေတီတစ်ဆူနှုန်းဖြင့် ၁၃ ဧက ကျယ်ဝန်းသော စေတီပရဝုဏ် သုံးထပ်အတွင်း စိုက်ထူထားသည်။ အဆိုပါကျောက်စာများကို မြန်မာသက္ကရာဇ် (၁၂၂၂) ခုနှစ်တွင် စတင်ထွင်းထုခဲ့ရာ (၁၂၃၀) ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ကုသိုလ်တော်ဘုရားကျောက်စာချပ်များကို Memory of the World စာရင်းသို့ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တင်သွင်းခဲ့ပြီး အဆိုပါအမွေအနှစ်ကို တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့တွင် ၂၀၁၃ ခုနှစ် ဇွန်လ ၁၈ ရက်မှ ၂၁ ရက်ထိ ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova က သဘောတူ အတည်ပြုကာ ၂၀၁၃ ခုနှစ်တွင် UNESCO Memory of the World စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


