မန္တလေး  ၇ ဩဂုတ်

မန္တလေးမြို့ လူနေမှုနှင့် သဘာဝပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ စွန့်ဦးတီထွင်ပြိုင်ပွဲ ပထမအဆင့် ရွေးချယ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးမြို့၊ ရတနာပုံစူပါစင်တာရှိ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကို လူနေမှုဘဝ တိုးတက်စေရေး၊ လုံခြုံစိတ်ချသော မြို့တော်ကြီးဖြစ်စေရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ကျန်းမာသန်စွမ်းသော မြို့နေလူထုဘဝ ရရှိရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာရေး၊ မြို့နေကလေးသူငယ်များနှင့် လူငယ်များ၏ ပညာရေးကောင်းမွန်စေရေး စသည့် ခေါင်းစဉ်များဖြင့် မန္တလေးမြို့တော်ကြီးကို ပိုမိုတိုးတက်ကောင်းမွန်သော မြို့တော်ကြီး ဖြစ်စေရန် ဖော်ဆောင်သင့်သည့် အစီအစဉ်များကို အင်္ဂလိပ် (သို့) မြန်မာဘာသာဖြင့် စာတမ်းရေးသား ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကို အဖွဲ့တစ်ဖွဲ့ အသက်(၄၅) နှစ်အောက် လူငယ်လူရွယ်တိုင်း တစ်ဦးချင်းဖြစ်စေ၊ အများဆုံး (၅)ဦးထိဖြစ်စေ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ညီညီလတ်က ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ (၂၂)ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း၊ ပထမအဆင့် ရွေးချယ်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့(၂၂) ဖွဲ့အား အကဲဖြတ်ဒိုင်အဖွဲ့ ငါးဦးမှ စိစစ်ကာ အဖွဲ့(၁၀)ဖွဲ့ ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ရွေးချယ်ခံရသော (၁၀)ဖွဲ့မှ မိမိတို့ စိတ်ကူးအိုင်ဒီယာ အသစ်များဖြင့် ဩဂုတ် ၁၇ ရက်တွင် ဒုတိယအဆင့် ယှဉ်ပြိုင်ကာ အဖွဲ့(၅)ဖွဲ့ ရွေးချယ်ပြီး ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း၊ နောက်ဆုံး ရွေးချယ်ခံရသော အဖွဲ့(၅)ဖွဲ့အား မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံ၌ ဩဂုတ် ၂၄/၂၅ ရက်များတွင် ကျင်းပမည့် မန္တလေးမြို့ လူနေမှုနှင့် သဘာဝပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ စွန့်ဦးတီထွင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြိုင်ပွဲတွင် ပထမဆု ငွေကျပ် (၁၀)သိန်း၊ ဒုတိယဆု (၇)သိန်း၊ တတိယဆု (၅)သိန်းနှင့် နှစ်သိမ့်ဆု(၂)ဆု ချီးမြှင့်သွားမည်ဖြစ်ကာ  အကောင်းဆုံးဆုရရှိသည့် စီမံချက်များကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြပေးသွားမည်ဖြစ်ကောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)