မန္တလေး ၇ သြဂုတ်
မန္တလေးမြို့ လူနေမှုနှင့် သဘာဝ ပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ စွန့်ဦးတီထွင်ပြိုင်ပွဲမှ အကောင်းဆုံး စီမံချက်များကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(MRYEA)မှ သိရသည်။
မန္တလေးမြို့နေ လူနေမှုဘဝတိုးတက်စေရန် အကြံဉာဏ်များ၊ လုံခြုံစိတ်ချသော မြို့တော်ကြီးဖြစ်စေရန် အကြံဉာဏ်များ၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်စေးရေး၊ ကျန်းမာသန်စွမ်းသော မြို့နေလူထုဘဝရရှိရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာရေး၊ မြို့နေကလေးသူငယ်များနှင့် လူငယ်များ၏ ပညာရေးကောင်းမွန်စေရေး စသည့်ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။ ယနေ့အထိ ပြိုင်ပွဲဝင်ရန် လျှောက်လွှာတင်သူ ၂၂ ခုရှိပြီး လူငယ်များ၊ စီးပွားရေး ပညာရှင်များ၊ ဆရာဝန်များ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
"ကလေးတွေ ပြိုင်လာတဲ့အထဲက အကောင်းဆုံးသော အစီစဉ်တွေကို မြို့တော်ဝန်ထံ တင်ပြမှာပါ။ မြို့တော်ဝန်က အသုံးပြုမယ်ဆိုရင် အသုံးပြုဖို့အတွက် ပြိုင်ပွဲဝင်တွေကို Request လုပ်ထားပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(MRYEA) တွဲဖက်အတွင်းရေးမှူး ဒေါ်မီမီကျော် ကပြောသည်။
အဆိုပါပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းကြီး (MRYEA)၏ ဒုတိယအကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေး အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ယနေ့တွင် လျှောက်လွှာများကို စတင်စိစစ်ရွေးချယ်မှု ပြုလုပ်ခဲ့သည်။
ပေးထားသော ခေါင်းစဉ်အောက်တွင် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးခေါင်းစဉ်ငယ်ဖြင့် English စာလုံးရေ ၁၀ဝ၀ - ၁၅၀ဝ ဝန်းကျင် သို့မဟုတ် မြန်မာစာဖြင့် ရေးသားလိုပါက A4 အရွယ် စာမျက်နှာ ၂ မျက်နှာခန့်ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးများနှင့် ပတ်သက်သော Proposal များ၊ မိမိတို့၏ Plan/Proposal များသည် ကူးယူဖော်ပြထားခြင်းများဖြစ်ပါက ထည့်သွင်း စဉ်းစားမည် မဟုတ်ကြောင်း သိရသည်။
ပြိုင်ပွဲအတွက် လျှောက်လွှာ တင်သည့်အဖွဲ့ ၂၂ ခုရှိပြီး ယနေ့တွင် အဖွဲ့ ၁၀ ဖွဲ့ကို စိစစ်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ ရွေးချယ်ထားသည့် ၁၀ ဖွဲ့ထဲမှ ၅ ဖွဲ့ကို သြဂုတ်လ ၁၀ ရက်တွင် ထပ်မံရွေးချယ်မည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ၇ သိန်း၊ တတိယဆု ငွေကျပ် ၅ သိန်းနှင့် နှစ်သိမ့်ဆု ၂ ဆု ချီးမြှင့်မည် ဖြစ်သည်။
မန္တလေးမြို့ လူနေမှုနှင့် သဘာဝပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ စွန့်ဦးတီထွင်ပြိုင်ပွဲကို သြဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ၊ အမျိုးသားကဇာတ်ရုံ (မန္တလေး)၌ ကျင်းပမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ စွန့်ဦးတီထွင်ပြိုင်ပွဲနှင့် ကုန်စည်ပြပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


