မန္တလေး ၂၈ မေ
မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရောင်း၀ယ်ရေးစခန်း (ကျောက်ဝိုင်း) အား ပြန်လည်ဖွင့်လှစ်နိုင်ရန် တိုင်းဒေသကြီးအစိုးရသို့ ယနေ့ (မေ ၂၈ ရက်) တွင် တင်ပြသွားမည်ဟု သိရသည်။
ကျောက်ဝိုင်းကို လာမည့် ဇွန် ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် တင်ပြမည်ဟု အဆိုပါကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောသည်။
“ကျောက်ဝိုင်းကို မှီခိုလုပ်ကိုင်နေတဲ့ အခြေခံကျောက်သမားတွေရဲ့ စား၀တ်နေရေး အခက်အခဲတွေ အဆင်ပြေအောင် ကျောက်ဝိုင်းပြန်ဖွင့်ရန် ဆောင်ရွက်နေပါတယ်”ဟု ဦးမျိုးမြင့်နိုင်က ပြောသည်။
မေ ၂၉ ရက်ကစပြီး ကျောက်ဝိုင်းဝင်/ထွက်ခွင့်ကတ်များ ပြုလုပ်ရန်နှင့် လုပ်ကိုင်သည့် အမျိုးအစားအလိုက် အချိန်အကန့်အသတ်ဖြင့် ခွင့်ပြုပေးမည်ဟု ကျောက်ဝိုင်းအကျိုးတော်ဆောင် ကော်မတီက ကြေညာချက်ထုတ်ပြန်ထားသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်း ၈၉ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားရှိ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) သည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကျောက်မျက်ရတနာ စျေးတစ်ခုဖြစ်ပြီး နေ့စဉ် ဝင်/ထွက် အရောင်းအဝယ်ပြုလုပ်သူ ငါးသောင်းကျော်ရှိသည်။ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကျောက်ဝိုင်းကို မတ်လ ၂၇ ရက်က စတင်ကာ ယာယီပိတ်ထားခြင်းဖြစ်သည်။
ဖြိုးအိ


