မန္တလေး ၂ မေ

 

မန္တလေးမြို့ရှိ မဟာအောင်မြေ ကျောက်မျက်ဈေး (မန္တလေးကျောက်ဝိုင်း) တွင် ကျောက်စိမ်းကျောက်မျက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် အခက်အခဲများ ပြေလည်စေရန်အတွက် မန္တလေးတိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်းနှင့် မဟာအောင်မြေ ကျောက်မျက်ဈေးလုပ်ငန်းရှင်များ ပူးပေါင်း၍ စားနပ်ရိက္ခာများ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ(၁) ဦးကျော်ဇောအောင်က ပြောကြားသည်။

 

“ကိုဗစ်-၁၉ ရောဂါကို ကာကွယ်တားဆီးနိုင်ဖို့ မဟာအောင်မြေကျောက်မျက်ဈေးကို ပိတ်ထားရတဲ့အတွက် ဒီကျောက်ဝိုင်းကို မှီခိုရောင်းဝယ်လုပ်ကိုင်နေကြတဲ့ အခြေခံလက်လုပ်လက်စား ကျောက်သမားတွေ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတယ်ဆိုတာ ကြားသိရတဲ့အတွက် ကျွန်တော်တို့အသင်းနဲ့ ဖားကန့်ဒေသမှာရှိတဲ့ ကျောက်စိမ်းလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးဖို့ အလှူငွေတွေ စတင်ကောက်ခံနေပါပြီ။ ကျောက်မျက်ဈေးရဲ့ အနောက်ပေါက်မှာ အလှူခံစခန်း ဖွင့်ထားပါတယ်။ လောလောဆယ် လေးရက်အတွင်းမှာ သိန်း ၈၀၀ လောက်ရနေပါပြီ။ မေလ ၇ ရက်အထိ အလှူငွေတွေ ကောက်ခံပြီး ၁၅ ရက်နေ့မှာ ထောက်ပံ့ပစ္စည်းတွေ ဝေငှပေးသွားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

 

အဆိုပါထောက်ပံ့ပေးဝေမည့် အစီအစဉ်နှင့်ပတ်သက်၍ မဟာအောင်မြေ ကျောက်မျက်ဈေးအကျိုးတော်ဆောင် အဖွဲ့အတွင်းရေးမှူး ဦးမျိုးမြင့်လှိုင်ကလည်း “လက်ရှိမှာ အလှူငွေ သိန်း ၈၀၀ နဲ့ ဆန်အိတ် ၄၀၀ လောက်ရရှိနေပါပြီ။ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ကျောက်ဝိုင်းပိတ်ထားတဲ့ လောလောဆယ်ကာလမှာ အခက်အခဲဖြစ်နေကြတဲ့ ကျောက်စိမ်းကျောက်မျက် လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ကျောက်သမားတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့နိုင်ဖို့ အလှူငွေတွေ အများကြီးရအောင် ကောက်ခံနေပါတယ်။ အဓိကအနေနဲ့ အမှန်တကယ် အခက်အခဲဖြစ်နေသူတွေကိုပဲ စိစစ်စာရင်းကောက်ယူပြီး အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးသွားမှာပါ”ဟု ပြောသည်။

 

မန္တလေးမြို့ရှိ မဟာအောင်မြေကျောက်မျက်ဈေးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရည်ရွယ်ကာ မတ်လ ၂၄ ရက်မှ မေလ ၁၅ ရက်အထိ ယာယီပိတ်ရန် သတ်မှတ်ကြေညာထားကြောင်းနှင့် အဆိုပါကျောက်မျက်ဈေး၌ နေ့စဉ် ကျောက်စိမ်း ကျောက်မျက်လုပ်ငန်းဖြင့် လာရောက် အရောင်းအဝယ်ပြုလုပ်သူဦးရေမှာ တစ်သောင်းကျော်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)