မန္တလေး၊ ၁၄ ဒီဇင်ဘာ
မန္တလေးမြို့ ၌ COVID -19 ပိုးတွေ့သူ များပြားလာသောကြောင့် မဟာအောင်မြေမြို့နယ် တွင် Fever Clinic (ဖျားနာကုသ အခမဲ့ ဆေးခန်း) တစ်ခု ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း(မန္တလေး) က သိရသည်။
ယခင်ကတည်းက မြို့နယ် တစ်ခုအတွက် Fever Clinic တစ်ခု ဖွင့်လှစ်ရန် အစီအစဉ်ရှိပြီး မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ် နှင့် အောင်မြေသာစံမြို့နယ်တို့တွင် ပိုးတွေ့လူနာ များပြားလာသည့်အတွက် မဟာအောင်မြေ မြို့နယ်တွင် ၄၁ လမ်း၊ ၉၀ လမ်း နှင့် ၉၁ လမ်း ကြားရှိ လက်သမားရပ်တွင် လာမည့် ရက်ပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန် အသင်း(မန္တလေး)မှ ဒေါက်တာ ခင်မောင်ကျော် က ပြောသည်။
"ပြည်သူတွေက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာလို့ရင် ကိုဗစ်ကူးစက်ပျံ့နှံ့မှု ဟာ သေချာပေါက် လျော့ကျသွားမယ်လို့ ပြောလိုပါတယ်"ဒေါက်တာ ခင်မောင်ကျော် က ပြောသည်။
ပြီးခဲ့သည့် ၃ လအတွင်း မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော များသို့ လာရောက်ပြသသူ ၉၀၀ ဦး ကျော် ရှိပြီး ဆေးရုံကြီးသို့ လွှဲပြောင်း ပေးပို့ခဲ့သူ ၂၀၀ ကျော် အနက် ၁၀၀ ကျော် တွင် ပိုးတွေ့ခဲ့သည် ဟု Fever Clinic မှတ်တမ်းများ အရ သိရသည်။
Fever Clinic အခမဲ့ ကုသဆေးခန်း များကို မန္တလေးမြို့တွင် အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ် ၊ ပြည်ကြီး တံခွန်မြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီး ပြည်ကြီးတံခွန်မြို့နယ် မှ Fever Clinic ဆေးခန်းကိုမူ ခေတ္တပိတ်ထားသည်။
ကူးစက်ပျံ့နှံ့မှု မြင့်တက်နေစဉ် ကာလအတွင်း ဖျားနာသီးသန့်(ချောင်းဆိုး၊ နှာစေး၊ လည်ချောင်းနာ၊ အနံ့မရခြင်းများ အတွက် လူမျိုး၊ ဘာသာမရွေး ကုသမှုပေးနိုင်ရန် ရည်ရွယ်၍ Fever Clinic အခမဲ့ ဆေးခန်းများကို နံနက် ၉ နာရီ မှ နံနက် ၁၁ နာရီ အထိ ဖွင့်လှစ်ကုသပေးလျက်ရှိသည်။
ဖြိုးအိ


